မှတ်တမ်းရုပ်ရှင်ရိုက်ကူးတဲ့ ဂျပန်ဒါရိုက်တာ တိုရူကူဘိုတာဟာ မြန်မာစစ်အာဏာရှင်တွေရဲ့ အကျဉ်းထောင်ကနေ လွတ်မြောက်လာပြီးနောက် တရက်အကြာ နိုဝင်ဘာ ၁၈ ရက် ဒီနေ့မှာ ဂျပန်နိုင်ငံကို ပြန်ရောက်ရှိလာခဲ့ပါတယ်။
ဇူလိုင်လအတွင်းက ရန်ကုန်မှာ ဆန္ဒပြပွဲ ရိုက်ကူးနေတုန်း အဖမ်းခံလိုက်ရပြီးကတည်းက သူ့ကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြတဲ့ အားပေးထောက်ခံသူတွေက တိုရူကူဘိုတာကို တိုကျိုမြို့တော်ရဲ့ ဟာနဲဒါ့လေဆိပ်မှာ လာရောက်ကြိုဆိုခဲ့ကြပါတယ်။
အင်းစိန်ထောင်ထဲမှာ ၃ လခွဲ နေခဲ့ရကြောင်း အသက် ၂၆ နှစ်အရွယ် ရုပ်ရှင်ရိုက်ကူးသူ တိုရူ ကူဘိုတာက ပြောပါတယ်။
ဂျပန်နိုင်ငံက သူ့ကို ထောက်ခံအားပေးသူ အားလုံးရယ်၊ သူ အဖမ်းခံရကြောင်း မီဒီယာကို သတင်းပို့ပေးသူတွေရယ် အပြင် သူလွတ်မြောက်ရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးတဲ့ ဂျပန်အစိုးရကြောင့် ခုလို မြန်မြန်ဆန်ဆန်ပဲ လွတ်မြောက်နိုင်ခဲ့တာပါလို့ ကူဘိုတာက ပြောပါတယ်။
မြန်မာအာဏာပိုင်တွေဟာ ကူဘိုတာကို ဆူပူအုံကြွမှု၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ဆက်သွယ်ရေး ဥပဒေတွေကို ချိုးဖောက်မှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိပြီးနောက် ပြီးခဲ့တဲ့လက ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့တာပါ။
ကူဘိုတာ အပါအဝင် အကျဉ်းသား ၅၇၀၀ ကျော်ကို အမျိုးသားနေ့ အထိမ်းအမှတ် နိုဝင်ဘာ ၁၇ ရက်မှာ စစ်ကောင်စီက လွှတ်ပေးခဲ့တာပါ။
လွတ်မြောက်လာသူတွေထဲမှာ ဗြိတိန်သံအမတ်ဟောင်းနဲ့ သြစတြေးလျ စီးပွားရေးအကြံပေးပုဂ္ဂိုလ်တို့လည်း ပါဝင်ပါတယ်။