တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ထဲက မောင်မယ်ရှောင်ကျေးရွာမှာ မူးယစ်ဆေးရောင်းချနေတယ်လို့ သတင်းရတဲ့အတွက် ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ (DGRF) က သွားရောက်စစ်ဆေးခဲ့ရာကနေ မူးယစ်ဆေးဂိုဏ်းအဖွဲ့ဝင်နှစ်ဦးကို လက်နက်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ နိုဝင်ဘာ ၁၅ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
နိုဝင်ဘာ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေမှာ သွားရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ပထမတယောက်ကိုတော့ ရာဘဆေးပြားအပြင် အိုက်စ်မူးယစ်ဆေးဝါးနဲ့ ငွေတချို့ကို သိမ်းဆည်းရမိခဲ့ကာ ကွင်းဆက်တရားခံ နောက်တယောက်ကိုတော့ WY ဆေးပြား၊ အိုက်စ်မူးယစ်ဆေးဝါးတွေအပြင် ပစ္စတိုသေနတ်တလက်နဲ့ ကျည်ဆန်တွေကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ (DGRF) က ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဂိုဏ်းဝင်နှစ်ဦးကို လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ဖို့ ဆက်လက်ထိန်းသိမ်းထားမှာဖြစ်ပြီး မူးယစ်ဆေးတွေကို မီးရှို့ဖျက်ဆီးခဲ့ကာ ကျန်သက်သေခံ ပစ္စည်းတွေကိုတော့ သိမ်းဆည်းထားတယ်လို့ ပြောပါတယ်။
ထားဝယ်ဒေသထဲမှာ စစ်ကောင်စီကို အခွန်ရှာပေးနေတဲ့ လောင်းကစားဝိုင်းတွေ၊ မူးယစ်ဆေးဝါး ရောင်းချသူတွေကို သတိပေးစာထုတ်ထားပြီး မလိုက်နာဘူးဆိုရင်တော့ အပြစ်ပေးသွားမှာ ဖြစ်တယ်လို့ DGRF က အသိပေးထားပါတယ်။