ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ ဂြိတ်ချောင်းကျေးရွာမှာ နိုဝင်ဘာ ၁၆ ရက် မွန်းလွဲ ၁ နာရီလောက်က ကလေးမွေးနေ့ပွဲကျင်းပနေချိန် စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ရွာသား ၁၀ ဦး သေဆုံးကာ ကလေးငယ်တွေအပါအဝင် ၅၀ ကျော်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မျက်မြင်ဒေသခံတစ်ဦးက" ဒီနေ့ နေ့လယ် ၁ နာရီလောက်မှာ မွေးကင်းစ ကလေးငယ်တစ်ယောက် ကင်ပွန်းတပ် မွေးနေ့ပေးနေတာ။ တရွာလုံးနီးပါး ပွဲကိုရောက်နေကြတာ။ ကြိမ်ချောင်း ၂၄ ဗျူဟာက ပစ်တဲ့ လက်နက်ကြီး ပွဲအလယ်တည့်တည့်ကို ကျရောက်ပေါက်ကွဲတာ။ ၇ ဦး ပွဲချင်းပြီး သေဆုံးကာ လူ ၅၀ ကျော်ဒဏ်ရာရရှိခဲ့တယ်။”လို့ ပြောပါတယ်။
လက်ရှိမှာ ဒဏ်ရာရသူတွေများပြားပြီး ဒဏ်ရာပြင်းထန်သူတွေကိုတော့ မောင်တောဆေးရုံသို့ အရေးပေါ် ပို့ဆောင်နေတယ်လို့ သိရပါတယ်။
ဒေသခံတဦးက “သေဆုံးသူက လက်ရှိမှာ ၁၀ ဦး အထိရှိနေတယ်။ နောက်သေဆုံး တာတွေလည်းရှိနိုင်သေးတယ်။ အတိအကျမပြောနိုင်သေးဘူး။ ဒဏ်ရာရသူလည်း လက်ရှိမှာ ၅၀ အထိရှိနေတယ်။ အရေအတွက်အတိအကျ မသိသေးဘူး။ တရွာလုံးနီးပါး ဒဏ်ရာရကြမယ် ထင်တယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဂြိတ်ချောင်းကျေးရွာမှာ လူနေ အိမ်ခြေ ၁၀၀ ကျော်ရှိပြီး လူဦးရေ ၅၀၀ လောက် နေထိုင်နေကြတဲ့ မြိုတိုင်းရင်းသားကျေးရွာ ဖြစ်ပါတယ်။
မောင်တောမြို့နယ်၊ ရန်အောင်ပြင်ကျေးရွာအနီး ရက္ခိုင်တပ်တော် အေအေနဲ့ စစ်ကောင်စီတပ်တို့ နေစဥ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေလို့ အနီးပတ်ဝန်းကျင်ကို စစ်ကောင်စီက လေကြောင်းကနေ နှစ်ရက်တိုင်တိုင် တိုက်ခိုက်ခဲ့ပါတယ်။
ဒါ့အပြင် နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ (၇)နဲ့ ကြိမ်ချောင်း ၂၄ ဗျူဟာစခန်းကနေလည်း အနီးနားရှိ လူနေကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ နေ့စဉ် ပစ်ခတ်နေတာ ဖြစ်ပါတယ်။