စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ နဂါးပေါက်ကျေးရွာကို စစ်ကြောင်းထိုး မီးရှို့နေတဲ့ စစ်ကောင်စီတပ်နဲ့ မြောင်ပြည်သူ့ကာကွယ်ရေးတပ်တို့ နိုဝင်ဘာ ၁၅ ရက် ညနေ ၄ နာရီက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြောင်ဒေသခံတွေက ပြောပါတယ်။
ဒေသခံရွာသားတဦးက “စ(--)တွေ ရေစကြိုမြို့နယ်ဘက်ခြမ်းကနေ ကျနော်တို့ရွာကို ဝင်တယ်ဗျ။ သူတို့ဝင်လာပြီး မကြာဘူး၊ ဒေသခံ PDF တွေနဲ့ တိုက်ပွဲဖြစ်တယ်။ အဲလိုဖြစ်တော့ ကျနော်တို့ရွာရဲ့ အရှေ့ဘက်ကမ်း မြင်းခြံမြို့နယ်ဘက်က ပေါက်အိုရွာကနေ ပျူစောထီးနဲ့ စ(--)တွေ စစ်ကူမော်တော်လေးတွေနဲ့ တပ်ကူရောက်လာတယ်။ အဲလို တပ်ကူရောက်လာပြီး ရွာထဲက ပရိဘောဂတွေ၊ နွား ၂ ကောင်၊ ဆိုင်ကယ်တွေတင်ပြီး ပြန်သွားတယ်။ နောက်ချန် စ(--)တွေက ရွာ ကို မီးရှို့တာတွေလုပ်ပြီး မန္တလေးဘက်က စုန်ဆင်းလာတဲ့ စစ်သင်္ဘောပေါ် တက်လိုက်သွားတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီမီးရှို့သွားလို့ အိမ်ခြေ ၇၀၀ နီးပါးရှိတဲ့ နဂါးပေါက်တိုက်နယ်ရွာမှာ အိမ်ခြေအလုံး ၂၀ ကျော် မီးလောင်ဆုံးရှုံးသွားတယ်လို့လည်း သိရပါတယ်။
MUA တာဝန်ခံ ကိုတိုက်ဂါးက “ရွာထဲဝင်နေတဲ့ စစ်ကြောင်းကို ကျနော်တို့ MUA အဖွဲ့၊ CDSOM၊ စစ်ကိုင်းခရိုင်တပ်-၂ နဲ့ မဟာမိတ်တွေနဲ့ တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ၊ ဒေသခံ ပကဖတွေနဲ့ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်ချိန် တနာရီကျော်ကြာတယ်ဗျ။ တိုက်ပွဲဖြစ်ပွားနေချိန်မှာ ဆီမီးခုံဘက်ကနေ အမြောက်တွေနဲ့ လှမ်းပစ်တာတွေလည်း ရှိတယ်။ အထိအခိုက်ကတော့ ကျနော်တို့ဘက်က မရှိဘူး။ မီးရှို့တဲ့ စ(--)ကောင်တွေကတော့ စစ်သင်္ဘောပေါ် တက်သွားတယ်။ စ(--)တွေဘက်က ၄ ဦး ၅ ဦးတော့ အထိအခိုက်ရှိမယ်ဗျ။ စစ်ကူလာတဲ့ ပေါက်နယ်ကကောင်တွေ ဒဏ်ရာရလို့ မြင်းခြံမြို့ဘက် ဆိပ်ကမ်းကနေ နာရေးကားတွေနဲ့ ဆေးရုံကိုပို့နေတယ်လို့ သိထားရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး သေဆုံးဒဏ်ရာရစာရင်းကို ဒီနေ့အချိန်အထိ ထုတ်ပြောတာ မရှိသေးသလို ဒီဗွီဘီအနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီက နဂါးပေါက်တိုက်နယ်ရွာကို မီးရှို့ခဲ့လို့ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ ဒေသခံတွေ ပူးပေါင်းငြှိမ်းသတ်တာ ည ၇ နာရီမှ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။