စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဝါစက်ဝင်းအစောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နိုဝင်ဘာ ၁၆ ရက် မနက် ၅ နာရီလောက်က လက်ပစ်ဗုံးနဲ့ အပစ်ခံရတာကြောင့် ၂ ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မနက်ခင်း အစောကြီးပဲဗျ။ ပေါက်ကွဲသံ ကြားလိုက်ရတယ်။ ဘယ်နားပေါက်ကွဲတာလဲလို့ စုံစမ်းကြည့်တော့ ဝါစက်ဝင်းထဲက စစ်(-) တွေ အပစ်ခံရတယ်လို့ သိရတယ်ဗျ။ အခုတော့ အရပ်ဝတ်တွေနဲ့ ရပ်ကွက်တွေထဲ ရှာဖွေရေး လုပ်နေကြတယ်” လို့ မြင်းမူဒေသခံတဦးက ပြောပါတယ်။
“မြင်းမူမြို့ပေါ် ပစ်ခတ်မှုကို ကျနော်တို့ မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့နဲ့ True Fighter အဖွဲ့က သွားပစ်ခဲ့တာဗျ။ လက်ပစ်ဗုံးတလုံးနဲ့ ကင်းစောင့်တဲ့နေရာကို ပစ်ထည့်ခဲ့တာ အနည်းဆုံး ၂ ယောက်တော့ သေမယ်ဗျ။ အတိအကျ သတင်းရဖို့ စုံစမ်းနေတယ်” လို့ Zero ပြောက်ကျားတပ်ဖွဲ့မှ ကိုသက်ကြီးက ပြောပါတယ်။
ဒေသခံတော်လှန်ရေးအဖွဲ့တွေက မြင်းမူမြို့ပေါ်က စစ်ကောင်စီအခြေစိုက်စခန်းတွေကို အလစ်ဝင်ရောက် ပစ်ခတ်တာကြောင့် စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံးတွေ ရှိနိုင်တယ်လို့ မြင်းမူဒေသခံတွေဆီက သိရပါတယ်။