ထိုင်းနိုင်ငံအလယ်ပိုင်း၊ စမွတ်ပရကန်ခရိုင်၊ ဘန်ဖရီမြို့က မြန်မာရွှေ့ပြောင်းလုပ်သားတွေ လုပ်ကိုင်နေတဲ့ AeroSoft အမှတ်တံဆိပ် ဖိနပ်စက်ရုံမှာ နိုဝင်ဘာ ၁၅ ရက် မနေ့ညနေက မီးလောင်ခဲ့ပါတယ်။
ဘန်းနားတလတ်လမ်းမကြီးနဲ့ကပ်လျက် ဖိနပ်အရောင်းပြခန်းမှာ ညနေ ၅ နာရီကျော်လောက် မီးစတင်လောင်ကျွမ်းကြောင်း၊ အဲဒီချိန်မှာ အလုပ်ဆင်းချိန်ဖြစ်လို့ အလုပ်သမားတွေ ပြန်ကုန်ပြီး ညအချိန်ပိုလုပ်သူတချို့သာ ကျန်ခဲ့ကာ အလုပ်သမားတွေ ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ စက်ရုံလုပ်သားတွေက သတင်းထောက်ကို ပြောပါတယ်။
မီးစလောင်တဲ့တိုက်မှာ ၅ ထပ်ရှိပြီး ပထမထပ်မှာ အရောင်းပြခန်း၊ ဒုတိယထပ်မှာ ရောင်းကုန်ပစ္စည်းနဲ့ တတိယထပ်မှာ ဖိနပ်ချုပ်ရာမှာ အသုံးပြုတဲ့ ရာဘာပြား၊ ဓာတုဆေးရည် အစရှိတဲ့ ကုန်ကြမ်းပစ္စည်းတွေ ရှိတာကြောင့် လောင်စာသဖွယ်ဖြစ်နေပြီး ဘေးနားက တိုက်တန်းလျားတွေဆီပါ အလျင်အမြန်ကူးစက်လောင်ကျွမ်းသွားတာလို့ မီးသတ်သမားတဦးက သတင်းထောက်တွေကို ပြောပါတယ်။
မီးသတ်ကား အစီး ၃၀ ကျော်နဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ကယ်ဆယ်ရေးလုပ်သားတွေ စုစုပေါင်းအင်အား ၁၀၀ ကျော် လာရောက်မီးငြှိမ်းသတ်ခဲ့ပြီး ည ၁၁ နာရီကျော်မှ မီးငြိမ်းသွားကြောင်း၊ မီးလောင်ရတဲ့အကြောင်းနဲ့ ပျက်စီးဆုံးရှုံးမှုပမာဏကိုတော့ စစ်ဆေးနေဆဲပဲလို့ မီးသတ်တာဝန်ရှိသူက ပြောပါတယ်။
Posttoday သတင်းမှာတော့ မီးလောင်မှုကြောင့် ကယ်ဆယ်ရေးလုပ်သား ၃ ဦး ဒဏ်ရာရခဲ့ပြီး ၁ ဦး ဒဏ်ရာပြင်းထန်တယ်လို့ ဖော်ပြပါတယ်။
အဆိုပါတိုက်ခန်းတွေဟာ အတန်ငယ်ဟောင်းနွမ်းနေပြီဖြစ်လို့ ကွဲအက်ရာနဲ့ ယိုင်နဲ့တာတွေ ရှိနေကြောင်း၊ ဘန်းနား-တလတ် ၄ လမ်းသွား ထိပ်ဖရတ်လမ်းမကြီးကို ၁ လမ်းသာ အရေးပေါ်အတွက် ဖွင့်ထားပြီး ကျန် ၃ လမ်းကို ပိတ်ထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဖိနပ်စက်ရုံက ဓာတုဆေးရည်တွေပါ မီးလောင်တာကြောင့် လေထုညစ်ညမ်းနေပြီး အနီးနားနေ ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ အပြင်မထွက်ဖို့၊ ထွက်ပါကလည်း အမ်-၉၅ အမျိုးအစား နှာခေါင်းစည်းတွေတပ်ထားဖို့၊ မျက်စိနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာရှိက ဆရာဝန်နဲ့ပြသဖို့ လူထုကျန်းမာရေးဌာနက ကြေညာထားပါတယ်။
အဆိုပါစက်ရုံမှာ မြန်မာလုပ်သား ၁ ထောင်ကျော် လုပ်ကိုင်နေပြီး မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိပေမဲ့ တနေ့လုပ်တနေ့စား အောက်ခြေလုပ်သားတွေ အလုပ်လက်မဲ့ ဖြစ်သွားမှာစိုးရိမ်ရတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။