စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နဲ့ ကောလင်းမြို့အစပ် ကိုးတောင်ဘို့တိုက်နယ်ရှိ ဂုန်ညင်းရှိုကျေးရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၅ ရက် မနက်ပိုင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ် ဝင်ရောက်စီးနင်းပြီး နေအိမ် ၃ လုံးကို မီးရှို့သွားကာ ရွာသားတချို့ကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
အဲဒီမနက်က စစ်ကောင်စီတပ်ဖွဲ့ဟာ စစ်ကြောင်းထိုး ပစ်ခတ်မီးရှို့စဉ် ဒေသခံ ၅၀ ကျော်ဟာ ထွက်ပြေးချိန်မရလိုက်ဘဲ ရွာဦးဘုန်းကြီးကျောင်းမှာ ပိတ်မိနေခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦးက“စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ပြီး ရွာကိုဝင် နေအိမ်မီးရှို့တော့ ဒေသခံ ၅၀ ကျော်လောက်က ဘုန်းကြီးကျောင်းထဲ စုနေရတာ။ အဲဒီမှာ အမျိုးသားရော၊ အမျိုးသမီးတွေပါ ပိတ်မိပြီး အကုန်ဖမ်းခံရတယ်။ နောက်ပြီး ကိုးတောင်ဘို့ရွာဘက်ကို ဖမ်းခေါ်သွားတယ်။ နေ့လယ်ပိုင်းမှ လူခွဲပြီး တကြိမ်ကို ၁၀ ယောက်စီ လွှတ်ပေးတယ်။ ပြန်မလွတ်လာသေးတဲ့သူ ဒေသခံ သားအဖနှစ်ယောက်နဲ့ အမျိုးသမီးတယောက် ကျန်သေးတယ်။ သူတို့ကိုတော့ ဆက်ပြီး ဖမ်းခေါ်သွားတယ်လို့ သိရတယ်”လို့ ပြောပါတယ်။
ဂုန်ညင်းရှိုကျေးရွာအတွင်း စစ်ကြောင်းထိုးမီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ခမရ ၃၆၃ က ဖြစ်တယ်လို့ သိရပြီး ကိုးတောင်ဘို့ကျေးရွာမှာ တပ်စွဲထားတာ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်း နိုဝင်ဘာ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေကလည်း ကန့်ဘလူမြို့နယ်ရှိ ကျေးရွာပေါင်း ၁၁ ရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်မီးရှို့တာတွေ ရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ လွန်ခဲ့တဲ့ ၄ လလောက်က စတင်ကာ ကန့်ဘလူနဲ့ ကောလင်းမြို့အစပ်က ကျေးရွာတွေကို စစ်ကြောင်းထိုး စီးနင်းတာတွေနဲ့ နေအိမ်မီးရှို့တာတွေ ဆက်တိုက်ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။