တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသရှိ ထားဝယ်-မေတ္တာလမ်းပိုင်းမှာ ထီးခီးနယ်စပ်မှ ထားဝယ်ကို ထွက်ခွာလာတဲ့ စစ်ကား ၇ စီးပါ စစ်ကောင်စီယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်တွေက နှစ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။
နိုဝင်ဘာ ၁၁ ရက်နေ့ မနက် ၉ နာရီခွဲလောက်က ထားဝယ်-မေတ္တာလမ်းပိုင်း ၂၅ မိုင်တိုင်အလွန်မှာ ယာဉ်တန်းမှာ အင်အား ၇၀ လောက်ပါ စစ်ကြောင်းကို ထားဝယ်အရှေ့တော ပြည်သူ့ကာကွယ်ရေးအင်အားစု DEF-PDF (ပကဖ-ထားဝယ်)၊ သံမဏိပြောက်ကျားတပ်ဖွဲ့ (ပကဖ-ထားဝယ်)နဲ့ Kawthoolei Army ဆာကဆော တပ်မဟာ တပ်ခွဲ (၃)တို့ပူးပေါင်းပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ DEF-PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
မိနစ် ၃၀ လောက် အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ကျောက်မဲတောင်ရွာအနီး လမ်းကင်းယူထားတဲ့အဖွဲ့က စစ်ကူလာပြီး ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ DEF-PDF တာဝန်ရှိသူက ဆိုပါတယ်။
"အဲနေ့က အတည်ပြုလို့ရတာ ၃ လောင်းထက် မနည်းဘူး။ ၀ကုန်းရွာ အနောက်ပိုင်းအိမ်တွေမှာ ဆေးဘူးကြီးတွေ ချိတ်ထားတာမြင်ရသလောက်ဆို ဒဏ်ရရသူလည်း များပါတယ်။ အနည်းဆုံး ၅ ဦးလောက်ရှိမယ်"
အဲဒီညမှာ စစ်ကောင်စီက ဝကုန်းကျေးရွာမှာ စခန်းချနားနေခဲ့ပြီး နောက်ရက်မနက်ပိုင်းမှာ ထားဝယ်ကို ဆက်လက်ထွက်ခွာခဲ့ပါတယ်။
စစ်ကောင်စီစစ်ကြောင်း ဘဲ့မဲ့တက်တောင်အနီးရောက်ရှိချိန် မနက် ၉ နာရီခွဲခန့်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ရင် သင်္ကန်းတုံးဘက်မှာ လမ်းကင်း လာယူတဲ့ စစ်ကောင်စီတပ်ဖွဲ့ရှိနေလို့ နှစ်ဖက်ညှပ်တိုက်ခိုက်ခံ ရနိုင်တာမို့ အနောက်မှ လိုက်လံ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ DEF-PDF တာဝန်ရှိသူက ရှင်းပြပါတယ်။
အဆိုပါတိုက်ခိုက်မှုကို (T1-PDF + ထားဝယ်ပကဖ) ဥဩစစ်ကြောင်းနဲ့ ကော်သူးလေအာမီ ဆာကဆောတပ်မဟာတပ်ခွဲ(၃) ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁၀ မိနစ်ခန့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ DEF-PDF ထုတ်ပြန်ချက်အရ သိရပါတယ်။
အဆိုပါတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ၅ ယောက်ထက် မနည်းသေဆုံးနိုင်ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေမှာတော့ ထိခိုက်မှုတစုံတရာ မရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထားဝယ်မှ ထီးခီးကို ရိက္ခာပို့တဲ့ စစ်ကောင်စီယာဉ်တန်းမှာ အခုနောက်ပိုင်း ခြေကျင် ဝင်ထွက် သွားလာလျက်ရှိပြီး ဝကုန်းရွာနဲ့ သင်္ကန်းတုံးရွာဝန်းကျင်တဝိုက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေက မကြာခဏကြားဖြတ်တိုက်ခိုက်လေ့ရှိတာကြောင့် ယာဉ်တန်းဖြတ်သန်းချိန်တွေမှာ ဒေသခံပြည်သူတွေ ကြိုတင်တိမ်းရှောင်နေရလေ့ရှိပါတယ်။