ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ (ည) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို Attack Ranger Force ARF အဖွဲ့က နိုဝင်ဘာ ၁၂ ရက် မွန်းလွဲ ၁၂ နာရီခွဲလောက်မှာ အဝေးထိန်းဗုံးခွဲပြီး တိုက်ခိုက်ခဲ့ပါတယ်။
အဆိုပါ ရပ်ကွက်ရုံးထဲမှာ အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင်တွေရှိနေချိန် ဗုံးက ရုံးတံခါးဝနား ကျသွားချိန်မှာပဲ အဝေးထိန်းနဲ့ ဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။
ဗုံးကြောင့် (ည) ရပ်ကွက်ရုံး အဆောက်အအုံ ပျက်စီးမှု ရှိပေမဲ့ ထိခိုက်ဒဏ်ရာရသူ မရှိဘဲ ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကား ၁ စီး၊ ရဲကား ၁ စီးနဲ့ ရပ်ကွက်ထဲ ကင်းလှည့်ခဲ့တယ်လို့ သိရပါတယ်။
(ည) ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင် တချို့ဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ဧည့်စာရင်း တိုင်စေတာနဲ့ ထောက်ခံစာ လုပ်ပေးတဲ့အခါ ပြည်သူကို ခြိမ်းခြောက်တာတွေ ရှိခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
အောက်တိုဘာ ၃၁ ရက် နေ့ကလည်း မြောက်ဥက္ကလာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တဖွဲ့က စစ်ကောင်စီ လက်ပါးစေရဲ့ နေအိမ်ကို အဝေးထိန်းဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။