စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိန်းမကားကျေးရွာရဲစခန်းကို နိုဝင်ဘာ ၁၁ ရက် ည ၆ နာရီလောက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ (မတ္တရာ) တာဝန်ရှိသူက ပြောပါတယ်။
နဂါးနီပြောက်ကျားတပ်ဖွဲ့ (မတ္တရာ) တာဝန်ရှိသူက "သူတို့ဘက်က ပြန်ပစ်တာတော့ ရှိပါတယ်။ မဟာမိတ်တွေဘက်ကလည်း အကျဆုံးတော့ မရှိပါဘူး။ လက်နက်မတော်တဆကြောင့် ဒဏ်ရာ ရတာလေးတွေတော့ ရှိပါတယ်" လို့ ပြောပါတယ်။
အဆိုပါပစ်ခတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်ကျဆုံးမှု အခြေအနေကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။
ပြင်ဦးလွင်ခရိုင်(ပကဖ) မတ္တရာမြို့နယ် ဗိုလ်ကောင်းကင်တော်လှန်ရေးအင်အားစု၊ နဂါးနီပြောက်ကျားတပ်ဖွဲ့၊ စစ်ကိုင်းမြို့နယ်တော်လှန်ရေးအင်အားစု၊ ၀က်လက်မြို့နယ် တော်လှန်ရေးအင်အားစုတပ်ဖွဲ့တွေ ပူးပေါင်းပြီး ရှိန်းမကားကျေးရွာရဲစခန်းကို ၈၀ မမ၊ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
နိုဝင်ဘာ ၇ ရက်က ဝက်လက်မြို့နယ် ရှိန်းမကားကျေးရွာရဲစခန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီး တယောက် သေဆုံးခဲ့ပြီး အဘွားအို တယောက်၊ အသက် တနှစ်အရွယ်ကလေး တယောက်နဲ့ အမျိုးသား တယောက် ဒဏ်ရာ ရရှိခဲ့ပြီး နှစ်ဦးက အခြေအနေ စိုးရိမ်ရတယ်လို့ သိရပါတယ်။
တိုက်ခိုက်ခံရတဲ့ ရှိန်းမကားရဲစခန်းမှာ စစ်ကောင်စီတပ်အင်အား ၅၀ ဝန်းကျင်ရှိပြီး ရဲအင်အားနည်းတယ်လို့လည်း သိရပါတယ်။