ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့၊ သေးဆူလဲရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တပ်ရင်း-၅ မှ ရဲဘော်တွေက စနိုက်ပါနဲ့ ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားတယောက် သေဆုံးတယ်လို့ KNDF တပ်ရင်း-၅ က ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၉ ရက် နေ့လယ် ၁၂ နာရီလောက်က သွားရောက် ချောင်းမြောင်းပစ်ခတ်ခဲ့တာ ဖြစ်ပြီး စစ်ကောင်စီတပ်သား သေဆုံးမှုကို အတည်ပြုကာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါပစ်ခတ်မှုကို တိုက်ပွဲဖြစ်ပွားတာမဟုတ်ဘဲ စစ်ကောင်စီတပ်သားတွေ ရှိတဲ့နေရာတွေကို အခွင့်သာရင်သာသလို တက်ပြီး ချောင်းမြောင်းပစ်ခတ်ရတာလို့ KNDF တပ်ရင်း-၅ တာဝန်ရှိသူက ပြောပါတယ်။
ရှမ်း-ကယားနယ်စပ် မိုးဗြဲ၊ ဖယ်ခုံ၊ လွိုင်ကော်နဲ့ ဒီးမောဆိုမြို့နယ်တို့မှာ စစ်ကောင်စီတပ်သားတွေက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ညဘက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် လူနေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲကာ အိုးအိမ်တွေ ပျက်စီးပြီး အပြစ်မဲ့ပြည်သူတွေ ထိခိုက်ဒဏ်ရာ ရရှိနေတာ ဖြစ်ပါတယ်။