စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် တောင်နယ်အခြမ်းရှိ ထန်းလေးပင်ရွာတိုက်ပွဲမှာ ကျဆုံးသွားတဲ့ PDF ရဲဘော် ၆ ယောက်ရဲ့ ဈာပနကို နိုဝင်ဘာ ၈ ရက်နေ့က မုံရွာမြို့အတွင်း တနေရာမှာ ပြုလုပ်ခဲ့တယ်လို့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တာဝန်ရှိသူထံက သိရပါတယ်။
ရဲဘော်တွေရဲ့ ဈာပနကို မိသားဝင်တချို့နဲ့ မုံရွာခရိုင် PDF အမှတ် ၄ တပ်ရင်းက ရဲဘော်တွေ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
ကျဆုံးသွားတဲ့ ရဲဘော်တွေဟာ မုံရွာခရိုင် PDF တပ်ရင်း ၄ မှ ရဲဘော် ကျော်မျိုးဝေ၊ ရဲဘော်တိုးအောင်၊ ရဲဘော် ထွန်းထွန်းဝင်း၊ ရဲဘော် တင်မိုးဝင်း၊ ရဲဘော် အေးမင်းသန့်၊ ရဲဘော် ရဲလင်းအောင်တို့ဖြစ်ပြီး အသက် ၂၀ ဝန်းကျင်အရွယ် ရဲဘော်နှစ်ယောက်လည်း ပါဝင်တယ်လို့ သိရပါတယ်။
အဆိုပါ ရဲဘော် ၆ ယောက်ဟာ နိုဝင်ဘာ ၆ ရက်က ထန်းလေးပင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို သွားရောက်တိုက်ခိုက်ရင်း လူအင်အား၊ လက်နက်အင်အား မမျှတာကြောင့် ကျဆုံးသွားတာ ဖြစ်ပါတယ်။
စစ်ကောင်စီဝါဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ နိုဝင်ဘာ ၁ ရက်နေ့မှ ၆ ရက်နေ့အထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃၇ ယောက်သေဆုံးပြီး သေနတ်မျိုးစုံ၊ ကျည်၊ ဗုံးသီးနဲ့ မိုင်းအများအပြား သိမ်းဆည်းရမိတယ်လို့ ဖော်ပြထားပါတယ်။