အာဏာသိမ်း စစ်ကောင်စီခန့်ဝန်ကြီးချုပ် ဦးဆောင်ပြီး ပဲခူးမြို့မှာ တန်ဆောင်တိုင်ပွဲတော် ကျင်းပခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တန်ဆောင်တိုင်ပွဲတော် စတင်ကျင်းပတဲ့ နိုဝင်ဘာ ၆ ရက်နေ့မှာ လူစည်ကားခဲ့တာမရှိဘဲ နိုဝင်ဘာ ၇ ရက်နေ့ လပြည့်နေ့မှာတော့ နာမည်ကြီး အဆိုတော်တွေနဲ့ ကျင်းပခဲ့တာကြောင့် ပဲခူး ရွှေမော်ဓောဘုရားဝန်း တခုလုံးနီးပါး လူပြည့်ခဲ့တယ်လို့ ဆိုပါတယ်။
ပွဲတော်မကျင်းပခင် ပွဲတော်ကျင်းပမယ့်နေရာဖြစ်တဲ့ ရွှေမော်ဓောဘုရားဝန်းနဲ့ ဘုရားလမ်း အဝင်အထွက်တွေအပြင် လမ်းကြိုလမ်းကြားနေရာတွေမှာပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ယူနီဖောင်းတွေနဲ့အပြင် အရပ်ဝတ်တွေနဲ့ပါ ကင်းစောင့်နေတာလည်း ရှိပါတယ်။
မြို့ပြပြောက်ကျားတပ်ဖွဲ့ကတော့ စစ်ကောင်စီကကျင်းပတဲ့ ပွဲတော်ကို မသွားဖို့ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေကနေ တိုက်တွန်းထားပေမဲ့ ပြည်သူတွေအနေနဲ့ တော်လှန်ရေးကာလ ရှည်ကြာလာတာနဲ့အတူ ပဲခူးမြို့က အခြေခံလူတန်းစားတွေအနေနဲ့ စီးပွားရေး၊ လူမှုရေး မွန်းကျပ်မှုတွေကြောင့် တင်းမခံနိုင်တော့ဘဲ ထွက်ပေါက်တခုအနေနဲ့ အခုလို လာရောက်တာ ဖြစ်နိုင်တယ်လို့လည်း မြို့ခံတယောက်က ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဧပြီလမှာ ပဲခူးမြို့က ဆန္ဒပြနေတဲ့ ပြည်သူတွေကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး တနေ့တည်း လူ ၈၀ ကျော် သေဆုံးခဲ့တဲ့မြို့လည်း ဖြစ်ပါတယ်။