Home
မြန်မာသတင်း
တိုက်ပွဲကြောင့် ထားဝယ်-မြိတ်ကားလမ်းကို အသုံးမပြုရန် PDF တပ်ဖွဲ့များ သတိပေးထုတ်ပြန်
DVB
·
November 8, 2022
314695949_1483941188754259_6341148448286273837_n

စစ်ရေးအရှိန်မြင့်နေတဲ့ တနင်္သာရီတိုင်းထဲက ထားဝယ်-မြိတ် ကားလမ်းမကြီးကို နိုဝင်ဘာ ၈ ရက်ကစပြီး ခရီးသွားတွေ ဖြတ်သန်းသွားလာတာ မလုပ်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း-၁ နဲ့ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ထုတ်ပြန်ထားပါတယ်။

ထားဝယ်-မြိတ် ကားလမ်းမကြီးတလျှောက် ပုလောမြို့နယ်ထဲက နေရာအနှံ့မှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ နေ့တိုင်းနီးပါး တိုက်ပွဲဖြစ်ပွားနေတဲ့အပြင် စစ်ကောင်စီတပ်သားတွေက ခရီးသွားတွေကို ဖမ်းဆီးပြီး လူသားဒိုင်း အနေနဲ့ အသုံးပြုတာတွေရှိနေတာကြောင့် အခုလို ထုတ်ပြန်ရတာလို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း-၁ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံကတော့ လမ်းပြန်လည်အသုံးပြုခွင့်ပေးဖို့က စစ်ရေးအခြေအနေပေါ် မူတည်ကြောင်းနဲ့ လက်ရှိမှာ ခရီးသွားတွေရဲ့ လုံခြုံရေးကြောင့် မစ်ရှင်​ဖျက်သိမ်းတာမျိုး လုပ်နေရတယ်လို့လည်း ပြောပါတယ်။

ထားဝယ်-မြိတ် ကားလမ်းမတလျှောက် ပုလောမြို့နယ်ထဲက နေရာတချို့မှာ ခရီးသွားကားတွေကို စစ်ကောင်စီတပ်ဖွဲ့တွေရော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပါ စစ်ဆေးနေတာရှိပြီး တိုက်ပွဲတွေကြောင့် ခရီးဆက်မသွားနိုင်ဘဲ ရပ်တန့် စောင့်ဆိုင်းနေရတာတွေမျိုးလည်း ရှိတယ်လို့ ခရီးသွားတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက် မနက် ၅ နာရီလောက်ကလည်း ပုလောမြို့အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ၂၈၅ ကနေ မြိတ်ဘက်ဆင်းလာတဲ့ စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်းကို ပုလောမြို့နယ်၊ မင်းထိန်ရွာအနီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး တနာရီလောက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါသေးတယ်။

ပုလောမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာကနေ အခုထိ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ပြည်သူ့တချို့ကို လူသားဒိုင်းအနေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024