စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တောင်နယ်အခြမ်းရှိ ထန်းလေးပင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ စခန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၇ ဦးသေဆုံးပြီး PDF ရဲဘော် ၆ ဦးကျဆုံးသွားတယ်လို့ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) က ထုတ်ပြန်ပါတယ်။
ထန်းလေးပင်ရွာတွင် အင်အား ၁၅၀ ကျော်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - ၂၊ ၃၊ ၄ ရဲ့ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys) ဦးဆောင်ပြီး မုံရွာခရိုင်ပြည်သူ ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - ၄ တပ်ခွဲ - ၄ 5/Teachers PDF၊ Springs Dove ၊ ရွှေညီအကို ပြောက်ကျားတပ်ဖွဲ့တို့က နိုဝင်ဘာ ၆ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက် သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က စက်သေနတ်တွေ၊ လက်နက်ကြီး အချက်ရေ ၈၀ ကျော်၊ RPG အချက်ရေ ၂၀ ကျော်၊ မူးဝေစေတဲ့ ဗုံးတွေ (ဓာတုလက်နက်) အပြင် စစ်ကြောင်း ၃ ကြောင်း၊ လက်နက်သာလွန်အင်အားတို့နဲ့ ပြောက်ကျားစစ် လည်ပြန်ထိုးဆင်လာတာကြောင့် PDF ရဲဘော် ၆ ဦးကျဆုံးပြီး သေနတ် ၅ လက်နဲ့ ကျည်တချို့ သိမ်းဆည်းခံခဲ့ရတယ်လို့ Chindwin Attack Force တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။
"တိုက်ပွဲက နေ့လယ်ပိုင်းကနေ ညနေလောက်အထိ ဖြစ်တာပါ။ ရဲဘော်တွေက ကျည်မလောက်လို့ နောက်ပြန်ဆုတ်ရင်း စနိုက်ပါနဲ့ပစ်ခံရလို့ ၄ ဦးကျသွားတယ်။ ကျန်တဲ့ နှစ်ယောက်က အဖမ်းခံလိုက်ရပြီး စစ်ဆေးမေးမြန်းတာ ဘာမှမပြောလို့ သေနတ်တေ့ပစ်သတ်သွားတယ်။ ညီအစ်ကိုတွေလို နေခဲ့လို့ များစွာ စိတ်မကောင်းဖြစ်ရပါတယ်။”