မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ရွာနေ အသက် ၁၆ နှစ်အရွယ် မဖူးပွင့်ကဗျာကို ဓားဒဏ်ရာတွေနဲ့ နိုဝင်ဘာ ၆ ရက်က ရွာနားမှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
နိုဝင်ဘာ ၅ ရက်က မဖူးပွင့်ကဗျာဟာ နှစ်ကရင်ရွာကနေ မောင်ချမ်းမွန်(ခ)အာရုံဦးနဲ့ မပြည့်ဖြိုးဝေတို့ကို ခေါ်ဆောင်ပြီး ဆိုင်ကယ်တစီးတည်း အတူစီးသွားရာက ရေး- သံဖြူဇရပ် ကားလမ်းပေါ် ရွာအဝင်ဝမှာ လူကို ဓားနဲ့ထိုးခံရတဲ့အပြင် ဆိုင်ကယ်လုယူခံလိုက်ရတာလို့ ဒေသခံတွေက ပြောပါတယ်။
ဖြစ်စဉ်ဖြစ်ပွားချိန် အတူပါလင်မယားက လွတ်မြောက်ခဲ့ပေမဲ့ အိမ်ပြန်မရောက်လို့ မိဘဆွေမျိုး တွေက လိုက်ရှာဖွေရာကနေ မဖူးပွင့်ကဗျာကို ဓားဒဏ်ရာတွေနဲ့ နှစ်ကရင်ရွာအထွက် ဆင်နှစ်ကောင်ကွေ့ မရောက်ခင် ရော်ဘာခြံလမ်းကြား သင်္ချိုင်းအနီး ချုံကြားမှာ ပြန်လည် တွေ့ရှိခဲ့တာပါ။
ရွှေဟင်္သာ လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက “ဒဏ်ရာက စိုးရိမ်ရလို့ မော်လမြိုင်ဆေးရုံကို အရေးပေါ် ပို့လိုက်ရတယ်”လို့ ပြောပါတယ်။
ဖြစ်စဉ်နှင့်ပတ်သက်လို့ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေး ရှာဖွေနေတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။