ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ လာကပုံကျေးရွာမှာ နိုဝင်ဘာ ၆ ရက် မနက်ပိုင်းက မိဘမေတ္တာ ကားဝပ်ရှော့ပိုင်ရှင်လင်မယား သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မိဘမေတ္တာကားဝပ်ရှော့အတွင်း သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ပိုင်ရှင်လင်မယားကို အလုပ်သမားတွေက စတင်တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“အလုပ်ရုံကို အလုပ်သမားတွေ လာတဲ့အချိန် ကျည်ထိမှန်ဒဏ်ရာတွေနဲ့ သေနေတဲ့ လင်မယားကို တွေ့တာ။ သူ့ယောက်ျားက အလုပ်ရုံမှာ သေနေတာ။ မိန်းမက အိပ်ခန်းထဲမှာ သေနေတာ။ အခု လာကပုံရွာဘက်မှာ ရဲတွေရော စစ်သားတွေရော စစ်ဆေးနေတယ်။”
သေဆုံးသူဟာ မိဘမေတ္တာ ကားဝပ်ရှော့ပိုင်ရှင် ဦးတိုးမင်းထိုက်နဲ့ ဇနီးဖြစ်သူ မပပဝင်းတို့ဖြစ်ပြီး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးတာနဲ့ပတ်သက်ပြီး ဘယ်သူ၊ ဘယ်အဖွဲ့အစည်းက ဘာကြောင့်သတ်သွားတယ်ဆိုတာကိုတော့ ဒေသခံတွေဘက်က ပြောပြနိုင်ခြင်း မရှိပါဘူး။
တွံတေးမြို့နယ်မှာ နိုဝင်ဘာ ၃ ရက်ကနေ ၆ ရက်အထိ ပစ်ခတ်မှု သုံးကြိမ်ဖြစ်ခဲ့ပြီး ၅ ယောက် သေဆုံးကာ ၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
သမ္ဗန်ဆိပ်ကျေးရွာမှာ နိုဝင်ဘာ ၅ ရက် မနက်ပိုင်းက ပျူစောထီးလို့ နာမည်ထွက်နေသူ ညီအစ်ကိုနှစ်ယောက်နဲ့ သူငယ်ချင်းသုံးယောက် ဝိုင်းဖွဲ့စကားပြောနေစဥ် သေနတ်နဲ့ ပစ်ခတ်ခံရပြီး သုံးယောက်သေဆုံးကာ နှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“သိန်းဇော်နဲ့ သိန်းဝင်းက အခင်းဖြစ်တဲ့နေရာမှာတင် သေတယ်။ ကျော်လင်းနိုင်က ဆေးရုံမှာ သေတယ်။ နှစ်ယောက်လည်း အခြေအနေမကောင်းဘူး။”
ဒါ့အပြင် တွံတေးမြို့နယ် ကဘင်ကြီးကျေးရွာမှာ နိုဝင်ဘာ ၃ ရက် ညနေပိုင်းကလည်း ပစ်ခတ်မှုတချို့ ဖြစ်ခဲ့ပြီး အမျိုးသားတယောက် ဒဏ်ရာရရှိခဲ့ပါသေးတယ်။
ရန်ကုန်က မြို့နယ်တချို့မှာ နိုဝင်ဘာ ၁ ရက်မှ ၆ ရက်နေ့အထိ ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှု ၇ ကြိမ် ဖြစ်ခဲ့ပြီး ၅ ယောက် သေဆုံးကာ ၄ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။