တနင်္သာရီတိုင်း မြိတ်ခရိုင်၊ ပုလောမြို့နယ် ပဝတ်ကုန်းရွာနဲ့ ပိတက်ရွာနား နိုဝင်ဘာ ၄ ရက်ကဖြစ်ပွားတဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၈ ယောက်ထက်မနည်း သေတယ်လို့ Palaw People's Defence Force က ဒီနေ့ ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၄ ရက် မနက် ၁၀ နာရီလောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း(၁)နဲ့ မဟာမိတ်တပ်ပေါင်းစုတို့က ပဝတ်ကုန်းရွာရှိ စစ်ကောင်စီစခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာက ၁ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၄ ယောက်ထက်မနည်း သေဆုံးခဲ့သလို စခန်းတခု မီးလောင်ပျက်စီးခဲ့တယ်လို့ ပူရိယက္ခညီနောင်စစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။
ဒါ့အပြင် အဲဒီနေ့ နေ့လယ် ၁ နာရီလောက်မှာလည်း လက္ကူးရွာဘက်က စစ်ကူလာတဲ့ စစ်ကြောင်းကို ပိတပ်ရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုတို့က ထပ်မံကြား ဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
၂ နာရီလောက် တိုက်ပွဲဖြစ်ပွားခဲ့ရာမှာတော့ စစ်ကောင်စီဘက်က ၄ ယောက်ထက်မနည်း ထပ်မံ သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေ ရှိတယ်လို့ PPDF တာဝန်ရှိသူက ပြောပါတယ်။
နိုဝင်ဘာ ၄ ရက် တိုက်ပွဲမှာတော့ ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုဘက်က အထိ အခိုက် မရှိခဲ့ဘူးလို့ ဆိုပါတယ်။