မုံရွာမြို့နယ် ထန်းလေးပင်ကျေးရွာကို နိုဝင်ဘာ ၆ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာပြီး နေ့လည်ပိုင်းအထိ နေအိမ်တွေကို ၃ ကြိမ်တိုင် မီးရှို့ ဖျက်ဆီး သွားတယ်လို့ သိရပါတယ်။
မုံရွာ-အမြင့်လမ်းပိုင်းရှိ ဂျိုးစုကျေးရွာနဲ့ ညောင်ပင်ကျေးရွာမှာ ရောက်ရှိနေတဲ့ စစ်ကြောင်း ၂ ကြောင်းဟာ ထန်းလေးပင်ကျေးရွာနားမှာ အင်အား ၁၅၀ ခန့် ပူးပေါင်းရောက်ရှိလာပြီး ဒီနေ့ မနက် ၇ နာရီလောက်၊ ၉ နာရီလောက်နဲ့ နေ့လယ် ၂ နာရီလောက်မှာ ကျေးရွာရှိ နေအိမ်တွေကို သုံးကြိမ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒေသခံတဦးက "မနေ့က ဂျိုးဖြူနဲ့ ညောင်ပင်ရွာကိုဝင်တဲ့ စကစ စစ်ကြောင်း ၂ ကြောင်းက ဒီနေ့ ထန်းလေးပင်ရွာကိုဝင်ပြီး နေအိမ်တွေကို မီးရှို့တာပါ။ မနက်ကတည်းကစပြီး မီးရှို့နေတာ။ နေ့လယ်ပိုင်းမှာ နေရာ ၄ နေရာလောက်ခွဲပြီးတော့ ထပ်ရှို့နေကြတယ်။ ရွာက လူတွေလည်း ပြေးနေရပါတယ်။ မီးလောင်အိမ်ခြေ မသိရသေးဘူး။ ဘယ်သူမှ ရွာထဲမဝင်ရဲကြဘူး။ နေ့လယ်ပိုင်း ရှို့တဲ့မီးကတော့ အတော်များတယ် " လို့ ပြောပါတယ်။
လက်ရှိမှာတော့ ထန်းလေးပင်ကျေးရွာနဲ့ ပတ်ဝန်းကျင်ကျေးရွာက ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး မီးလောင်အိမ်ခြေအတိကျကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီတပ်ဖွဲ့က အခုလို စစ်ကြောင်းထိုး နေအိမ်မီးရှို့တာတွေ ဆက်တိုက် လုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ မုံရွာ - အမြင့်လမ်းကို သွားလာအသုံးပြုတာတွေ လုံးဝမပြုလုပ်ကြဖို့ ဒေသတော်လှန်ရေးအင်အားစုတွေက အသိပေးထားပါတယ်။
နိုဝင်ဘာ ၅ ရက်နေ့လယ်ကလည်း မုံရွာ - အမြင့်လမ်းရှိ ရန်နိုင်ကျွန်းကျေးရွာက နေအိမ်တချို့နဲ့ ဆိုင်ကယ်တွေကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။