ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရှိ ကျိုက်က္ကဆံကွင်းနဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ဘောလုံးကွင်းမှာ စစ်ကောင်စီတပ်က နိုဝင်ဘာ ၅ ရက် မနက်ပိုင်းက လက်လုပ်ဗုံးတွေ ဖောက်ခွဲခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
တာမွေမြို့နယ်၊ တာမွေကြီး (က+ဂ) ရပ်ကွက်၊ ဗညားဒလလမ်း ခုံးကျော်တံတားအောက် ယာဉ်ထိန်းရုံးအနီးမှာ မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးကို မနက် ၇ နာရီခွဲက တွေ့ရှိခဲ့လို့ ကျိုက်က္ကဆံကွင်းအတွင်းမှာ ဖောက်ခွဲခဲ့တာလို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
"သူတို့စခန်းချထားတဲ့နေရာမှာ ဗုံးတွေ့လို့ ဘောလုံးကွင်းထဲယူပြီး သွားဖောက်တာ။ ကားတာယာတွေ ကာပြီးဖောက်တာ"လို့ ဒေသခံကပြောပါတယ်။
အလားတူ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၁၉ ရပ်ကွက်၊ မြရည်နန္ဒာလမ်းနဲ့ ပိတောက်ရွှေဝါ (၂) လမ်းထောင့်မှာ စစ်ကောင်စီတပ်က မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးတွေ့လို့ တောင်ဒဂုံဘောလုံးကွင်းမှာ သွားရောက်ဖောက်ခွဲပစ်ခဲ့တယ်လို့ မြို့ခံတယောက်က ပြောပါတယ်။
"မြောက်ဒဂုံတို့ တောင်ဒဂုံတို့မှာရော ဗုံးတွေ စစ်တပ်က လိုက်ရှာတာ တာမွေနဲ့တောင်ဒဂုံမှာ ဗုံးတွေ့လို့ တခြားမြို့နယ်တွေလည်မှာထားတယ် လုံခြုံရေးဂရုစိုက်ဖို့"လို့ ပြောပါတယ်။
ရန်ကုန်တိုင်း မြို့နယ်တချို့မှာ မနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ရဲတွေက လမ်းဆုံတွေနဲ့ ဌာနဆိုင်ရာရုံးတွေမှာ ဗုံးရှိ/မရှိ လိုက်လံရှာဖွေပြီး ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ ဌာနဆိုင်ရာနဲ့ နီးစပ်သူတစ်ဦးက ဒီဗွီဘီ ကိုပြောပါတယ်။