Home
မြန်မာသတင်း
ထားဝယ်တွင် ဆန်တင်ပို့ခွင့် ကန့်သတ်မှုကြောင့် လယ်သမားများ စိုးရိမ်
DVB
·
November 5, 2022
312740856_1481473875667657_6097388097624665688_n

စပါးပေါ်ချိန် နီးလာတဲ့ တနင်္သာရီတိုင်း ထားဝယ်ဒေသက လယ်သမားတွေဟာ စစ်ကောင်စီက ဆန်တင်ပို့တာတွေကို ကန့်သတ်ထားတာကြောင့် စပါးရောင်းမထွက်မှာကို စိုးရိမ်နေကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ၈ လကျော်လောက်ကနေ ထားဝယ်မြို့ပေါ်ကို ဆန် တင်ပို့တာ၊ မြို့ပေါ်ကနေ ဆန်သယ်ယူတာတွေကို ဆန် ၇ အိတ်ထက်ပိုပြီး သယ်ယူခွင့်မပေးပါဘူး။

စစ်ကောင်စီက အခုလို ဆန်သယ်ယူခွင့်တွေ ကန့်သတ်တာဟာ PDF တပ်ဖွဲ့ဝင်တွေကို ရိက္ခာဖြတ်တောက်ချင်လို့ ဖြစ်ပေမဲ့ လက်ရှိမှာတော့ ဆန်သယ်ယူခွင့် ကန့်သတ်တာတွေကြောင့် စစ်ဘေးရှောင်ပြည်သူတွေသာ အခက်ကြုံနေရတယ်လို့လည်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

ထားဝယ်မြို့ပေါ်ကို လောင်းလုံး၊ သရက်ချောင်း၊ ရေဖြူဒေသတွေဘက်က ဒေသခံတွေရဲ့ ဆန်တွေဝယ်ယူကာ ဒေသခံဆန်စက်လုပ်ငန်းရှင်တွေက အဓိက ဆန်တင်ပို့နေတာဖြစ်ပြီး ထားဝယ်မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တွေဖြစ်တဲ့ ပေါက်တိုင်တံတားဂိတ်၊ ကမြောကင်းတံတားဂိတ်၊ ဗျောတောဝဂိတ်၊ အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်တွေမှာ ဆန်တင်ကား တွေကို စစ်ဆေးပြီး အခုလို ကန့်သတ်နေတာပါ။

လောင်းလုံးဒေသခံ လယ်သမားတဦးက "စပါးက ပေါ်တော့မှာ၊ အခုလိုကန့်သတ်ထားတော့ စပါး ရောင်းမထွက်မှာကို စိုးရိမ်ရတယ်၊ စျေးနည်းနည်းနဲ့ ရောင်းလိုက်ရတာမျိုးတွေလည်း ရှိလာနိုင်တယ်၊ ပိုက်ဆံချေးငှားပြီး လယ်လုပ်ရတဲ့ လယ်သမားတွေကတော့ တော်တော်အခက် တွေ့မှာ" လို့  ပြောပါတယ်။

စစ်ကောင်စီက အခုလို ဒေသခံ ဆန်စက်လုပ်ငန်းရှင်တွေရဲ့ ဆန်တင်ပို့ခွင့်ကို ကန့်သတ်ထားပေမယ့် ဆန်လုပ်ငန်းလိုင်စင်ရှိတဲ့ ဆန်လုပ်ငန်းရှင်ကြီးတွေကိုတော့ ကန့်သတ်ထားတာမရှိဘဲ လိုသလောက် သယ်ယူခွင့်ရတယ်လို့လည်း ဒေသခံ ဆန်စက်လုပ်ငန်းရှင်တချို့က ပြောပါတယ်။

"ဆန်အိတ် ၇ အိတ်ထက် ပိုပြီးတင်ရင် ဂိတ်ဖြတ်လို့မရဘူး၊ ၇ အိတ်ထက် ပိုတာ အကုန်ယူခဲ့တာ၊ တချို့ကတော့ စစ်သားတွေကို ပိုက်ဆံပေးပြီး လိုသလောက် တင်နေကြတာလည်းရှိတာပဲ၊ အခုပုံစံနဲ့ဆို ဆန်စက်ရှင်တွေ စပါးပေါ်လည်း ဝယ်ရဲမှာ မဟုတ်ဘူး" ဆိုပြီး အမည်မဖော်လိုတဲ့ ဆန်စက်ပိုင်ရှင်တဦးက ပြောပါတယ်။

လက်ရှိအချိန်ဟာ ထားဝယ်မှာ ဆန်အဟောင်းတွေ ရောင်းအားကောင်းတဲ့အချိန်ဖြစ်ပေမယ့် စစ်ကောင်စီက အခုလို ဆန်သယ်ယူခွင့်ကန့်သတ်ထားတာကြောင့် ဒေသအတွင်းက ဆန်စက် လုပ်ငန်းတွေလည်း လုပ်ငန်းမလည်ပတ်တော့ဘဲ ရပ်နားထားတာတွေ ရှိနေပါတယ်။

ဓာတ်ပုံ_ လောင်းလုံးမြို့နယ်ထဲက လယ်ကွင်းတချို့

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024