ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ နိုဝင်ဘာ ၄ ရက်မနက်က စစ်ရေယာဥ်နှစ်စီး တိုက်ခိုက်ခံရပြီးနောက်စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်တာကြောင့် ကလေးငယ်အပါအဝင် ရွာသား ၃ ယောက်သေဆုံးပြီး ၁၉ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဖြူစင်မေတ္တာပရဟိတအသင်း(ကျောက်တော်) ထံက သိရပါတယ်။
အသက်သေဆုံးသွားသူတွေကတော့ ရွှေပြည်သစ်ရွာက အသက် ၆ နှစ်အရွယ် မောင်ဘုချေ၊ ရွှေပြည်သစ်ရွာက အသက် ၈၆ နှစ်အရွယ်အဘိုးအို ဦးမောင်တူ ၈၆ နှစ်နဲ့ ဝက်မှိုင်းကျေးရွာက အသက် ၅၇ နှစ်အ၇ွယ် ဒေါ်အေးသန်းနု တို့ဖြစ်ကြပါတယ်။
ဖြူစင်မေတ္တာပရဟိတအသင်းတာဝန်ရှိသူတစ်ဦးက“လက်နက်ကြီးကျည်ထိပြီး ဒီနေ့မှာ သေသွားကြပါတယ်။ နောက်ထပ်ကျေးရွာ ၅ ရွာက ဒဏ်ရာရသွားသူ ၁၉ ဦးအထိရှိတယ်။ စိုးရိမ်ရတဲ့လူနာက နှစ်ယောက်ပါတယ်။ တယောက်ကိုတော့ စစ်တွေ ဆေးရုံကို ပို့ဆောင်ထားရ တယ်။ ကျန်တဲ့ လူနာတွေကတော့ ကျောက်တော်ဆေးရုံမှာပဲ ဆေးကုသမှုခံနေကြတယ်"လို့ ပြောပါတယ်။
ဒဏ်ရာရရှိသွားသူတွေကတော့ မြင်းကပ်ကျေးရွာကဒေါ်သိန်းသိန်းယိုင်(၂၅ နှစ်)၊ ဦးကျော်လှိုင်(၅၁ နှစ်)၊ လက်ဆောင်ကောက်ကျေးရွာက ဦးဆွေယောတာမောက်(၂၀ နှစ်)၊ မောင်မဟာဒိုမန်(၁၂ နှစ်)၊ ရွှေပြည်သစ်ကျေးရွာက ဒေါ်မလေးခိုင်(၃၈ နှစ်)၊ ဒေါ်ဦးသန်းမေ(၄၉ နှစ်)၊ ဒေါ်မိုးမိုးရီ(၂၃ နှစ်)၊ ဦးနိုင်နိုင်ဦး(၃၃ နှစ်)၊ မနွယ်နွယ်(၂၂ နှစ်)၊ မခိုင်မိုးစံ(၁၁ နှစ်)၊ အုံးပတီးကျေးရွာက ဦးအင်ဘာမူလာ(၃၂ နှစ်)၊ ဦးနော်ရော်ဇေယာ(၄၆ နှစ်)၊ ပန္နဲချောင်းကျေးရွာက ဒေါ်မိဖြူ(၂၆ နှစ်)၊ ဒေါ်မယိုင်( ၄၂ နှစ်)၊ မောင်ကုလားချေ(၁၉ နှစ်)နဲ့ ဝက်မှိုင်းကျေးရွာက ဦးအောင်စံချေ(၄၇ နှစ်)တို့မှာ ခန္ဓကိုယ်အသီးသီးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတာဖြစ်ပါတယ်။
တခြားဒေသခံတယောက်ကတော့ ကျောက်တော်မြို့နယ်၊ ကုလားတန်မြစ်အတွင်းကနေ စစ်ကောင်စီရဲ့ ဇက်ရေယာဥ်နဲ့ အထိုင်တပ်ရင်းတွေက နိုဝင်ဘာ ၄ ရက် မနက်ပိုင်းကနေ ညနေစောင်းတဲ့အထိ လက်နက်ကြီးတွေနဲ့ ဆက် တိုက်ပစ်ခတ်ခဲ့လို့ ကလေးငယ် တယောက်အပါဝင် ၃ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၂၃ ယောက်ရှိတယ်လို့ ပြောပါတယ်။
ကျေးရွာအတွင်းမှာ လက်နက်ကြီးကျည် ၇ လုံးလောက်ကျရောက်ခဲ့ပြီး လက်ရှိမှာ ကျေးရွာသား အများစုဟာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ရွှေပြည်သစ် ရွာသားတစ်ဦးကပြောပါတယ်။
"လက်နက်ကြီးက ရွာထဲမှာ အားလုံးဆိုရင် ၇ လုံးလောက်ကျတယ်။ ကျေးရွာသား ၂ ယောက်သေပြီးတော့ ၆ ယောက်ဒဏ်ရာရသွားတယ်။ ရွာသားအများစုကတော့ နီးစပ်ရာရွာတွေကို တိမ်းရှောင်နေကြရတယ်။ ကျနော်တို့ရွာက တိုက်ပွဲဖြစ်တာနဲ့ ဘာမှမဆိုင်ဘူး။ စစ်တပ်က တမင်ရည်ရွယ်ပြီး ပစ်တာဖြစ်တယ်။ တော်တော် လူမဆန်တဲ့ လုပ်ရပ်တွေ"လို့ပြောပါတယ်။
တိုက်ပွဲနဲ့ မဆိုင်တဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာက စစ်ကောင်စီက စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေတာဖြစ်တယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားနေသူ တစ်ဦးက ပြောပါတယ်။
"စစ်ကောင်စီက အေအေနဲ့တိုက်ပွဲဖြစ်ပွားတာမရှိဘဲလည်း ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေရှိတယ်။ နောက်စစ်ကောင်စီက သူတို့တိုက်ခိုက်ခံရပြီး အထိနာတယ်ဆိုရင် ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်လာတာက စစ်ရာဇဝတ်မှုပြောင်ပြောင်တင်းတင်း ကျူလွန်းနေတာဖြစ်တယ်။ ပြည်သူတွေ သေတိုင်းသေတိုင်းဟာ စစ်ကောင်စီအတွက် စစ်ရာဇဝတ်မှု တမှုတမှု တိုးလာမှာဖြစ်တယ်။”
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်ကလည်း စကခ(၉) အနီးမှာရပ်နားထားတဲ့ စစ်ကောင်စီဇက်ရေယာဥ် ၂ စီးကို အေအေကတိုက်ခိုက်ခဲ့ပြီးနောက် စကခ(၉)က လူနေရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ အရပ်သားတချို့ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေလည်းရှိခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အေအေတို့အကြား တိုက်ပွဲတွေ ပြင်းထန်လာပြီးနောက် စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်လာနေတာကြောင့် အရပ်သားသေဆုံးမှုတွေ မြင့်တက်လာနေပါတယ်။