ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ ပုရွက်ဆိပ်ကုန်းရပ်ကွက်ထဲက နှစ်လုံးထီရောင်းတဲ့ နေအိမ်တအိမ်ဆီကနေ လိုင်းကြေးလာကောက်သူ ၂ ယောက် ဖမ်းဆီးခံရတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။
နိုဝင်ဘာ ၁ ရက် နေ့လယ်ပိုင်းက နှစ်လုံးထီရောင်းတဲ့အိမ်ကို အရပ်ဝတ်နဲ့ လူနှစ်ယောက် ရောက်ရှိလာကာ ရဲမှူးက လိုင်းကြေးတောင်းခိုင်းလိုက်တာဆိုပြီး လက်ထိပ်ပြ ငွေတောင်းခံခဲ့တာပါ။
အဲဒီလို လာရောက်တောင်းတဲ့အချိန် ငွေတောင်းခံရတဲ့အိမ်မှာ ရှိတဲ့လူက လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ လိုင်းကြေးလာကောက်သူ ၂ ယောက်ကို စောင့်ဆိုင်းခိုင်းပြီး သက်ဆိုင်ရာ နယ်မြေရဲစခန်းကို ဖုန်းဆက်တိုင်ကြားခဲ့တဲ့အတွက် အခုလို ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ မျက်မြင်သက်သေတဦးက ပြောပါတယ်။
အဲဒီနောက် ရဲတပ်ဖွဲ့ဝင်တချို့ ရောက်လာပြီး လာရောက်စစ်ဆေးချိန်မှာတော့ မင်္ဂလာဒုံလေဆိပ် ရဲစခန်းက နယ်ထိန်းနှစ်ယောက်ကိုယ်စား တောင်းခိုင်းတာလို့ ပြန်လည်ထွက်ဆိုခဲ့ပြီး အဲဒီနှစ်ယောက်ကို မြောက်ဥက္ကလာပ အမှတ် ၉ စခန်းကို ခေါ်သွားတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
အဲဒီအိမ်က နှစ်လုံးထီရောင်းတာ ကြာပြီဖြစ်သလို အရင်ကလည်း ရဲတွေကို လိုင်းကြေးပေးနေကျဖြစ်ပြီး အခုရပ်ကွက်က မင်္ဂလာဒုံမြို့နယ်နဲ့ မြောက်ဥက္ကလာပမြို့နယ် ထိစပ်နေတဲ့ရပ်ကွက်ဖြစ်ပြီး မင်္ဂလာဒုံဘက်ကရဲတွေက နယ်မြေကျော် လိုင်းကြေးလာတောင်းအတွက် ပြဿနာဖြစ်တယ်လို့ အဲဒီရပ်ကွက်မှာ နေထိုင်သူတယောက်က ဆိုပါတယ်။
အခုဖြစ်စဉ်နဲ့ပတ်သက်လို့ မြောက်ဥက္ကလာပမြို့နယ် အမှတ် ၉ ရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက် ညပိုင်းကလည်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီလက်အောက်ခံတွေကို လိုင်းကြေးပေးပြီး ဖဲဝိုင်းနဲ့ လောင်းကစားဒိုင် ပြုလုပ်နေတဲ့ နေအိမ်ကို အဝေးထိန်းမိုင်းနဲ့ သတိပေး ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီရဲ့ ဒေါက်တိုင်အဖြစ်ကနေ ရပ်တန့်ဖို့ သတိပေး ထုတ်ပြန်ခဲ့ပါတယ်။