ရန်ကုန်၊ ပုဇွန်တောင်ဘူတာရုံမှာ ဆိုင်ခန်းခကောက်ပြီး ပြန်လာတဲ့ မီးရထားဝန်တယောက်ကို နိုဝင်ဘာ ၁ ရက် မနက် ၉ နာရီက အမည်မသိအမျိုးသားတွေက သေနတ်ပြပြီး ဆိုင်ခန်းခကောက်လာတဲ့ ငွေကျပ် သိန်း ၂၀ ကျော် လုယက်ခဲ့တယ်လို့ ဝန်ထမ်းအသိုင်းအဝိုင်းက သိရပါတယ်။
မင်္ဂလာတောင်ညွန့်မြို့နယ်၊ တောင်ညွန့်ရပ်ကွက် ပုဇွန်တောင်ဘူတာမှာ ဒီကနေ့ မနက်ပိုင်းက ဘူတာရုံ လက်မှတ်အရောင်းစာရေးကို အမည်မသိအမျိုးသားတွေက သေနတ်နဲ့ပစ်ခတ်ပြီး ဆိုင်ခန်းလစာငွေတွေ ယူသွားတာလို့ ဘူတာအနီးနေထိုင်သူတစ်ဦးက ပြောပါတယ်။
“သေနတ်သံလည်း ကြားတယ်။ ဝန်ထမ်းအပစ်ခံရပြီး ငွေတွေလုသွားတယ်လို့ ပြောတယ်။ အခုကာလမှာ ဘယ်သူက လူဆိုး လူကောင်းဆိုတာ မှန်းမရဘူး။”
ဘူတာရုံလက်မှတ်အရောင်းဝန်ထမ်းက သေနတ်ပြ ဓားပြတိုက်သူတွေကို ပြန်ခုခံလို့ သေနတ်နဲ့ ပစ်ခတ်သွားတာဖြစ်တယ်လို့ ရပ်မိရပ်ဖတစ်ဦးက ပြောပါတယ်။
“သေနတ်နဲ့လာတဲ့သူတွေက ပိုက်ဆံကိုလုလို့ သူကပြန်လုတာ။ အဲဒီမှာ သေနတ်နဲ့ပစ်သွားတာ။ ပိုက်ဆံလည်း ပါသွားတယ်။ ဆိုင်ခန်းလစာက သိန်း ၂၀။ လက်မှတ်ရောင်းထားတာ ၉ သောင်း။ လူလည်း ဒဏ်ရာရတယ်။”
သေနတ်နဲ့ပစ်ခတ်ခံရသူ လက်မှတ်အရောင်းစာရေးဝန်ထမ်းကို စစ်ကောင်စီက လူနာတင်ယာဥ်နဲ့ ဆေးရုံကိုပို့ဆောင်ပေးပြီး ဘူတာရုံအနီးတဝိုက်မှာ စစ်ဆေးနေတယ်လို့ ဘူတာအနီး နေထိုင်သူတွေဆီက သိရပါတယ်။
ရန်ကုန်တိုင်းရှိ မြို့နယ်တချို့မှာ ပြီးခဲ့တဲ့လတွေကလည်း ဆိုင်ကယ်တွေ ကားတွေနဲ့ ဖုန်း၊ ရွှေ၊ ငွေ ပစွည်းတွေ လုယက်ခံရပြီး ပြန်လည်ခုခံသူအချို့ လုယက်သူတွေကြောင့် သေဆုံးခဲ့တဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။