မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုနိုင်တဲ့ ဆိုဒီယမ်ဆိုင်ယာနိုက် ဓာတုပုံဆောင်ခဲတွေဟာ မြန်မာနိုင်ငံဘက်ကို တရားလွန်တင်ပို့ရောင်းချနေတာကို စစ်ဆေးတွေ့ရှိတာကြောင့် တင်ပို့မှု ဆိုင်းငံ့ထားမယ်လို့ ထိုင်းနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အထူးကော်မတီက အောက်တိုဘာ ၃၁ ရက် အစည်းအဝေးမှာ ပြောပါတယ်။
လေ့လာဆန်းစစ်ချက်အရ ဆိုဒီယမ်ဆိုင်ယာနိုက်အလေးချိန် ၁ ကီလိုဂရမ်ကို စိတ်ကြွဆေးအလုံးရေ ၂၂၀၀၀ ထုတ်လုပ်နိုင်တယ်လို့ ထိုင်းနိုင်ငံမူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးအဖွဲ့ အတွင်းရေးမှူး နိုင်းဝိချိုင်း ချိုင်းမုန်းခုန်းက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ဆိုဒီယမ်ဆိုင်ယာနိုက်ကို သံထည် သတ္တုထည်လုပ်ငန်းတွေမှာအသုံးပြုပြီး ပြည်ပကနေမှာယူတင်သွင်းကြောင်း ၊ စစ်ဆေးချက်အရ ဒီနှစ်ထဲမှာ တန်ချိန် ၁၁၅၀ တင်သွင်းခဲ့ ပေမဲ့ ပြည်တွင်းမှာအသုံးပြုမှု ၃၁၀ တန်သာရှိပြီး အိမ်နီးချင်းမြန်မာပြည်ကို တန်ပေါင်း ၈၁၀ တင်ပို့ထားတာသိရတယ်လို့ ဆိုပါတယ်။
အဆိုပါ ပမာဏဟာ စိတ်ကြွဆေးပြား သန်းပေါင်း ၁၆၀၆၀ ထုတ်လုပ်နိုင်တာကြောင်း၊ အရင်ကလည်း တင်သွင်းမှုဆိုင်းငံ့ဖို့ကြိုုးစားခဲ့ပေမယ့် စက်ရုံလုပ်ငန်းရှင်ဘက်က သဘောမတူဘဲ ကန့်ကွက်ခဲ့ကြောင်း၊ ကုန်သည်တွေကလည်း မြန်မာပြည်မှာ ရွှေနဲ့သတ္တုလုပ်ငန်းတွေမှာ အသုံးပြုဖို့ ရောင်းချပေးရတာလို့ ပြောတယ်လို့ ဆိုပါတယ်။
တရားရေးဝန်ကြီး နိုင်းဆုမ်ဆဒ် ထိပ်ဆုထင်းကတော့ ဆိုဒီယမ်ဆိုင်ယာနိုက်ဟာ မူးယစ်ဆေးပြင်းအား အဆင့် ၃ အန္တရာယ်ရှိ ဓာတုဗေဒပစ္စည်းတမျိုးဖြစ်လို့ မြန်မာပြည်ကို တင်ပို့မှု ဆိုင်းငံ့ထားရမှာဖြစ်ကြောင်း၊ မြန်မာအနေနဲ့ ရွှေနဲ့သတ္တုလုပ်ငန်းအတွက် တရုတ်ပြည်ကနေ လည်းတင်သွင်းလို့ရနေတာမို့ လုပ်ငန်းလည်ပတ်နိုင်ပါလိမ့်မယ်လို့ ပြောသွားပါတယ်။
ဒါ့အပြင် ဆိုဒီယမ်ဆိုင်ယာနိုက်တင်သွင်း၊ တင်ပို့ရာမှာ ဌာနဆိုင်ရာတွေရဲ့ ထောက်ခံစာ ၊ ရောင်းသူ ဝယ်သူ အသုံးပြုသူတွေရဲ့ အချက်အလက်တွေ သိရဖို့ ကျူအာရ်ကုတ်ပုံစံနဲ့ ရောင်းဝယ်ရေးစနစ်ပုံစံပြောင်းမှာဖြစ်ကြောင်း၊ ဒီထိန်းချုပ် ကန့်သတ်မှုတွေကို ၃ လမှ ၆ လ အတွင်းအပြီးသတ်ဆောင်ရွက်ဖို့လည်း အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ မူးယစ်ဆေးစွဲရဲဝန်ထမ်း တယောက်က မူကြိုကျောင်းက ကလေးတွေကို ဝင်ရောက်ပစ်ခတ်အကြမ်းဖက်ပြီးတဲ့နောက် အစိုးရက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းကို စစ်ဆင်ရေးတစ်ရပ်အနေနဲ့ အရှိန်မြှင့်ဆောင်ရွက်နေရာမှာ မူးယစ်ဆေးဝါး ကုန်ကြမ်း တွေပါ ထိန်းချုပ်ဖို့ကြိုးစားနေတာ ဖြစ်ပါတယ် ။
မူးယစ်ဆေးဝါးဖမ်းဆီးရရှိတဲ့အခါ ထိုင်း-မြန်မာနယ်စပ်ကနေ အများဆုံးဝင်ရောက်လာပြီး ထိုင်းမြောက်ပိုင်းရဲ့တဘက်ကမ်းမှာ အဖွဲ့ ၇ ဖွဲ့က မူးယစ်ဆေးဝါးတွေထုတ်လုပ်နေတာလို့ ထိုင်းတရားရေးဝန်ကြီးက ပြောခဲ့ဖူးပါတယ်။
Ref-WorkPointToday