ကချင်ပြည်နယ် မိုးမောက်မြို့မှာ အောက်တိုဘာ ၂၉ ရက် နေ့လယ်ပိုင်းက လက်နက်ကြီး ကျရောက် ပေါက်ကွဲပြီး အမျိုးသမီး တယောက် ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးမောက်မြို့ ခမရ ၄၃၇ က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ခါနန်ရပ်ကွက်အတွင်း နေထိုင်သူ အမျိုးသမီးလက်မှာ ထိခိုက် ဒဏ်ရာရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံ အမျိုးသားတဦးက "ခမရ ၄၃၇ ဘက်က ပစ်နေတာ။ အချက်ရေအတော်များတယ်။ ကျနော်တို့ဘက်ကိုတော့ ၃ လုံး လူနေအိမ် ကြားထဲ ကျတယ်။ ကျနော်တို့ နားက အဒေါ် လက်နက်ကြီး ကျည်ထိလို့ လက်မှာ ဒဏ်ရာ ရသွားတယ်" လို့ ပြောပါတယ်။
ခြေမြန်တပ်ရင်း ခ.မ.ရ ၄၃၇ က လက်နက်ကြီးနဲ့ မိုးမောက်မြို့က လုံဂျာတောင်နားကို ပစ်ခတ် နေတဲ့အတွက် ခါနန်ရပ်ကွက်အတွင်း ကျရောက်ပြီး အသက် ၅၀ ခန့် အမျိုးသမီး လက်မှာထိခိုက် ဒဏ်ရာရကာ မိုးညှင်းပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
မိုးမောက်မြို့နယ် လုံဂျာတောင်နားက ဝဝမ်ကျေးရွာမှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး လေယာဉ်နဲ့ပါ ဗုံးကြဲနေတဲ့အတွက် ဒေသခံတချို့ စစ်ဘေးလွတ်ရာ ရှောင်တိမ်းနေရာတာ ငါးကြိမ်ထက် မနည်းရှိနေပါပြီ။