မကွေးတိုင်း ရေစကြိုမြို့နယ်မှာ အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းက ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်က မီးရှို့ ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေစကြိုအနောက်ဘက်ခြမ်းက စိုင်သေရွာကို စစ်အင်အား ၇၀ လောက်ပါတဲ့ စစ်ကြောင်းက ဒီနေ့ မနက် ၄ နာရီလောက်မှာ မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့အနက် အိမ်ခြေ ၄၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ စိုင်သေကျေးရွာဒေသခံတယောက်က ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ စိုင်သေရွာကနေတဆင့် ဒီနေ့မနက် ၆ နာရီလောက်မှာ အိမ်ခြေ ၁၅၀ ကျော်လောက်ရှိတဲ့ သံပြာချောင်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး အိမ်ခြေ ဘယ်လောက် မီးလောင်ကျွမ်းတယ်ဆိုတာကိုတော့ အတိကျမသိရသေးဘူးလို့ ဆိုပါတယ်။
စစ်ကြောင်းထိုးလာလို့ သံပြာချောင်းအုပ်စုထဲက သံပြာချောင်းရွာ၊ စိုင်သေရွာတွေက ဒေသခံ ၁၅၀၀ ကျော်လောက် ဘေးလွတ်ရာ တောထဲ၊တောင်ထဲတွေမှာ ဖြစ်သလို နေနေကြရတယ်လို့ ဒေသခံကပြောပါတယ်။
“ကျနော်တို့ ရွာဘက်က မီးခိုးလုံးတွေ မီးတောက်တွေကိုတော့ အဝေးကနေ လှမ်းမြင်နေရတယ်။ သူတို့ ပြန်ထွက်တော့မှာ ရွာထဲဝင်ပြီး မီးငြိမ်းသတ်တာတွေ၊ ရှင်းလင်းတာတွေ လုပ်ရမှာ။”
မကွေးတိုင်းမှာ စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ သြဂုတ်လ ၂၅ ရက်အထိ အိမ်ခြေ ၅၄၁၈ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Data For Myanmar က သြဂုတ် ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။