လူ့လောကမှာ လူ့အဖွဲ့အစည်းကျင့်ဝတ်ကို မလိုက်တဲ့ လူပုဂ္ဂိုလ်၊ နိုင်ငံရေးပါတီ၊ လက်နက်ကိုင် အဖွဲ့အစည်းဆိုတာ လူ့အသိုင်းအဝိုင်း ဖယ်ရှားစွန့်ပစ်ခံရမယ့် အဆိပ်အတောက်များသာ ဖြစ်ပါတယ်။ လူတဦးချင်း တိုက်ခိုက်ယှဉ်ပြိုင်ရာမှာတောင် လိုက်နာရမယ့် ကျင့်ဝတ်စည်းမျဉ်းတွေကို လေးစားကြရပါတယ်။ အကာအကွယ်မဲ့၊ အားနည်းတဲ့ အောက်ပိုင်း ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို မတိုက်ခိုက်ရပါဘူး။
နိုင်ငံအချင်းချင်း စစ်ခင်းကြရာမှာလည်း နိုင်ငံတကာကျင့်ဝတ်တွေကို လိုက်နာကြရပါတယ်။ အကာအကွယ်မဲ့၊ လက်နက်မဲ့ အရပ်သားတွေ၊ အားနည်းကြတဲ့ ကိုယ်ဝန်ဆောင်တွေ၊ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေ၊ မကျန်းမမာတဲ့သူတွေ၊ ဆေးရုံနဲ့ ကျန်းမာရေးဌာနတွေ၊ ကြက်ခြေနီတပ်ဖွဲ့တွေကို မတိုက်ခိုက်ရပါဘူး။ နောက်ဆုံး စစ်ပွဲအတွင်း ဖမ်းဆီးမိတဲ့ စစ်သုံ့ပန်းတွေကို ညှဉ်းပန်းသတ်ဖြတ်တာမပြုဘဲ လူ့ဂုဏ်သိက္ခာနဲ့အညီ ဆက်ဆံကြရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက အာဏာလုအကြမ်းဖက်ကောင်စီ ခါးပိုက်ဆောင်တပ်ကတော့ သူတို့ကိုယ်သူတို့ စတန်းဒတ်အာမီလို့ ကြွားဝါနေကြပေမဲ့ အထက်မှာရေးပြခဲ့တဲ့ ကျင့်ဝတ်မှန်သမျှ မလိုက်နာဘဲ ချိုးဖောက်နေတဲ့ အောက်တန်းစားအာမီ ဖြစ်နေပါပြီ။ ကိုယ်ဝန်ဆောင်တွေလည်း သတ်၊ ကလေးသူငယ်တွေလည်း သတ်၊ အမျိုးသမီးတွေ မုဒိမ်းကျင့်သတ်၊ မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေ၊ မကျန်းမမာတဲ့သူတွေကိုလည်း မီးရှို့သတ်၊ ဆေးရုံနဲ့ ကျန်းမာရေးဌာနတွေ၊ ကြက်ခြေနီတပ်ဖွဲ့တွေကိုလည်း တိုက်ခိုက်သတ်ဖြတ်နေတဲ့ ဘီလူးသဘက်မိစ္ဆာတပ် လုံးလုံးဖြစ်သွားပါပြီ။
အခုလတ်တလော ကျင့်ဝတ်မဲ့ အောက်တန်းစားစစ်တပ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုကတော့ အောက်တိုဘာ ၂၃ ရက်နေ့ ည ၈ နာရီခန့်မှာ ကချင်ပြည်နယ် ဖားကန့်မြို့၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ဖွဲ့စည်းခဲ့ခြင်း ၆၂ နှစ်ပြည့် အထိမ်းအမှတ်နေ့ အကြို ဖျော်ဖြေပွဲ စတိတ်ရှိုးကို အများပြည်သူတွေ တက်ရောက်နေတာ သိပါလျက်နဲ့ အကြမ်းဖက်စစ်ကောင်စီက လေယာဉ်သုံးစင်းနဲ့ ယုတ်ညံ့စွာ ဗုံးကြဲခဲ့တာဖြစ်ပါတယ်။ လွယ်ကူပစ်မှတ်ဖြစ်တဲ့ ပြည်သူကို လေယာဥ်နဲ့ ဗုံးကြဲသတ်ဖြတ်တာဟာ အရှက်မဲ့ ကျင့်ဝတ်ချိုးဖောက်တာ ဖြစ်သလို သူရဲဘောကြောင်ပြီး စစ်သားမပီသတဲ့လုပ်ရပ်ဖြစ်တာမို့ သူတို့ကို စစ်သားလို့ မသတ်မှတ်သင့်တော့ပါဘူး။
ပြည်သူလူထု အရပ်သားတွေ ပါဝင်ဆင်နွှဲတာ သိသိကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ အောက်တန်းကျစွာ ကြံစည်တိုက်ခိုက်ခဲ့တာကြောင့် ကချင်အနုပညာရှင်များ အပါအဝင် အရပ်သားပြည်သူ အယောက် ၅၀ ကျော် သေဆုံးပြီး ထိခိုက်ဒဏ်ရာရတာက ၅၀ ဦးအထက် ရှိခဲ့ပါတယ်။ လွယ်ကူတဲ့ပစ်မှတ်ဖြစ်တဲ့ အရပ်သားပြည်သူတွေကို တမင်ရည်ရွယ်ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်တာမို့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ခွင့်မလွှတ်ထိုက်တဲ့ ရာဇဝတ်မှုလည်း မြောက်ပါတယ်။
အဲဒီလို လူမဆန်တဲ့ မိစ္ဆာလုပ်ရပ်တွေကို မရှက်မကြောက် လက်ရဲဇက်ရဲ ကျူးလွန်ခဲ့ကြတာမို့ လွတ်လပ်ရေးရပြီးခါစက ပြည်သူလူထုရဲ့ ကိုးစားယုံကြည်မှုခံရပြီး အောင်သပြေကမ်းလို့ ပန်းကုံးစွပ် ကြိုဆိုခံခဲ့ရတဲ့ စစ်တပ်ဟာ အခုတော့ ပြည်သူလူထုရဲ့ တူးတူးခါးခါး မုန်းတီးနာကြည်းတာကို ခံရတာမို့ အရပ်ထဲရွာထဲ မိဘရပ်ထံ ကိုယ်ဇာတိမြေကို မပြန်ဝံ့တော့တဲ့ သူခိုး ဓားပြဂိုဏ်းကြီး ဖြစ်သွားခဲ့ပါပြီ။
တကယ်တမ်း ဆန်းစစ်ကြည့်လိုက်ရင် အာဏာရူး မင်းအောင်လှိုင်ကို သစ္စာခံတဲ့ အကြမ်းဖက် စစ်တပ်ဟာ ဒုတိယကမ္ဘာစစ်အတွင်းက ဖက်ဆစ်ဂျပန်ထက်ကို ရမ်းကားယုတ်မာတာကို တွေ့ရမှာဖြစ်တယ်။ ဖက်ဆစ်ဂျပန်တွေဟာ သူတပါးတိုင်းပြည်က လူမျိုးမတူသူတွေအပေါ် ရက်စက်ယုတ်မာခဲ့ကြပေမဲ့ သူတို့လူမျိုး ဂျပန်အချင်းချင်းအပေါ်မှာ မယုတ်မာ မရမ်းကားကြပါဘူး။ ဒီကနေ့ မြန်မာနိုင်ငံမှာ မင်းမူသောင်းကျန်းနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဟာ ကိုယ့်ပြည်သူ၊ ကိုယ့်လူမျိုးအပေါ် ကမ်းကုန်အောင် ရက်စက်ယုတ်မာကြတာမို့ ဖက်ဆစ်ထက် ပိုမိုဆိုးဝါးရိုင်းစိုင်းတဲ့ ဘီလူးသဘက်များ ဖြစ်ကြပါတယ်။
ကျေးဇူးရှင် မိဘပြည်သူကို သစ္စာမစောင့်ဘဲ ကျေးစွပ်ခဲ့ကြတာမို့ တချိန်တခါက စစ်တပ်ရဲ့ ဆောင်ပုဒ်တွေဖြစ်တဲ့ “ရဲဘော်မသေ၊ သေသော် ငရဲမလားတို့၊ ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်း” ဆိုတာတွေလည်း အဓိပ္ပာယ်အနှစ်သာရတွေ ပြောင်းလဲ တန်ဖိုးကျသွားခဲ့ပါပြီ။ ရဲဘော် အမြဲသေ၊ မသေခင် ငရဲလားရတဲ့အဖြစ်ကို ရောက်ခဲ့ကြရသလို ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်းဆိုတာ ဝေလာဝေး၊ EAO နဲ့ PDF တွေက သူတို့စခန်းကို ပစ်တာနဲ့ ချက်ချင်းပြေး၊ ချက်ချင်းအညံ့ခံ၊ ချက်ချင်းလက်နက်ချကုန်တဲ့အဆင့် ရောက်ကုန်ကြပြီဖြစ်ပါတယ်။
ပြည်သူက နာနာကြည်းကြည်း ကျိန်စာတိုက်အောင်လည်း အာဏာလုစစ်ဓားပြတပ်ဟာ ခေါင်းဆောင် ဗိုလ်ချုပ်တအုပ်က နိုင်ငံအချုပ်အခြာ ပြည်သူ့အာဏာ ၃ ရပ်နဲ့ တိုင်းပြည်ဘဏ္ဍာ ဥစ္စာပစ္စည်းတွေကို လက်နက်နဲ့ အကြမ်းဖက်လုယက် ဓားပြတိုက်ပြီး ဆိုးမိုက် ရှေ့ဆောင်လမ်းပြလေတော့ နောက်လိုက် ဘီလူးသဘက် စစ်ဗိုလ်စစ်သားတွေဟာ ရွာကိုဝင်စီး မီးရှို့ ဓားပြတိုက် ရွှေငွေလက်ဝတ်လက်စား ရတနာတွေသာမက အသုံးအဆောင်၊ အိမ်မွေးတိရစ္ဆာန်အဆုံး သတ်ဖြတ်လုယက်လို့ ရမ်းကားယုတ်မာကြတော့တာပေါ့။
ဒါကြောင့်မို့ မိစ္ဆာအရိုင်းအစိုင်းဆိုတာထက် ပိုရမ်းကားနိမ့်ကျတဲ့အဆင့်ကို ကျော်လွန်လို့ ကျင့်ဝတ်မဲ့ပြီး ယုတ်ညံ့အောက်တန်းကျတဲ့ မြန်မာအကြမ်းဖက်စစ်တပ် အမြန်ဆုံးပျက်သုဉ်းဖို့နဲ့ ေနာင် ဘယ်သောအခါမှ မြန်မာနိုင်ငံတော်မှာ ဒီလိုလက်နက်ကိုင်တပ်မျိုး ထပ်မံမပေါ်ထွန်းလာရေး ကိစ္စဟာ နိုင်ငံသားတိုင်းရဲ့ သမိုင်းပေးတာဝန်ကြီး ဖြစ်လာပါပြီ။
ကျင့်ဝတ်မဲ့ အောက်တန်းစား ဓားပြတပ်ကို မြန်မာ့လူ့ဘောင်ကနေ အမြန်ဆုံး အပြီးကွယ်ပျောက်သွားဖို့ မြန်မာနိုင်ငံသားတိုင်း မိမိနိုင်ရာဝန်ထမ်းကြရင်း ညီညွတ်စုစည်းစွာနဲ့ ဘုံရန်သူချုပ်ငြိမ်းရေးအတွက် လက်တွဲတော်လှန်နေကြပြီ ဖြစ်ပါတယ်။ အခုချိန်ထိ စစ်မိစ္ဆာဂိုဏ်းကို ထောက်ခံဝိုင်းရံနေကြတဲ့ ပညာမဲ့ လောဘသား လူမိုက်၊ လူ့အန္ဓ ဘုန်းကြီးမိုက်တွေဟာလည်း မဝေးတော့တဲ့အချိန်မှာ ပြည်သူလူထုက အပြစ်ဒဏ်ခတ်တာကို မလွဲမသွေ ခံကြရမှာ ဖြစ်ပါတယ်။
ဒီဆောင်းပါးကို နိဂုံးသတ်ရရင် နိုင်ငံကို ဖျက်ဆီး၊ ပြည်သူအပေါ် စော်ကား၊ ကျင့်ဝတ်စည်းကမ်းမရှိ၊ အခြေခံသစ္စာအဓိဋ္ဌာန်ကို ချိုးဖောက်နေတဲ့ အာဏာရှင် ခါးပိုက်ဆောင်စစ်တပ်ဟာ အကွပ်မရှိတဲ့ကြမ်းလို၊ အထိန်းမရှိတဲ့ ချည်ခင်လို ပရမ်းပတာ ဖြစ်သွားပြီမို့ ခေတ်မီတိုးတက်တဲ့ စတန်းဒတ်အာမီဖြစ်ဖို့ နေနေသာသာ ပြည်သူလူထု တိုင်းရင်းသားအားလုံးက ဘုံရန်သူအဖြစ် ဝိုင်းချေမှုန်းတာခံရပြီး တစခန်းရပ်အာမီအဖြစ် ဇာတ်သိမ်းပျက်သုဉ်းရမှာ အနှေးနဲ့အမြန် ဖြစ်ပါကြောင်း။
မင်းကောင်းချစ်