စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မြန်မာစီးပွားရေးဘဏ်ခွဲမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ကို အောက်တိုဘာ ၂၈ ရက် ညနေ ၆ နာရီကျော်က လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်တယ်လို့ မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့ကပြောပါတယ်။
ဗုံးခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆံးမှု ရှိနိုင်ပေမဲ့ အရေအတွက် အတိအကျတော့ အတည်မပြုနိုင်သေးပါဘူး။
မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက “တိုက်ခိုက်ခဲ့တာက လက်ပစ်ဗုံး တလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ သူတို့က လုံခြုံရေး လုပ်နေရင်း ဝိုင်းဖွဲ့ စကားပြောနေတာကို အလစ်ဝင်ရောက်ပစ်ခဲ့တယ်။ စကားပြောတဲ့ ၅ ကောင် အလယ် တည့်တည့်ကျပြီး ကွဲတယ်။ ၄ ကောင်ကတော့ ဗုံးကွဲပြီး နေရာကနေ မထနိုင်တော့ဘူး။ တကောင်ကတော့ သေနတ် ၂ ချက်ပစ်ပြီး မြေပေါ်လဲ သွားတာ မြင်ခဲ့ရတယ်။”လို့ ပြောပါတယ်။
လဲကျသွားတဲ့ စစ်ကောင်စီတပ်သားတွေထံကနေ လက်နက် မကောက်နိုင်ဘဲ လူလွတ်ရုန်း ထွက်ပြေးခဲ့ရကြောင်းနဲ့ Zero ပြောက်ကျားတပ်ဖွဲ့ဝင်တွေကတော့ အထိခိုက် မရှိခဲ့ဘူးလို့လည်း ပြောပါတယ်။
အခုလို မြန်မာစီးပွားရေးဘဏ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က မြို့တွင်းကို ပိတ်ဆို့ ရှာဖွေကာ သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။