ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ အိုးဖိုရပ်ကွက်၊ အိုးဖိုစျေးလေးဆိုင်ကားဂိတ်အနီးမှာ အောက်တိုဘာ ၂၆ ရက် ညနေပိုင်းက အမျိုးသားတယောက် သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မနေ့ညနေ ငါးနာရီကျော်က အိုးဖိုရပ်ကွက်မှာနေထိုင်တဲ့ ဦးအုန်းမြင့်ကို ဆိုင်ကားဂိတ်အနီးမှာ အမည်မသိ သေနတ်သမားက ပစ်ခတ်ခဲ့တာလို့ ရပ်ကွက်နေသူတယောက်က ပြောပါတယ်။
“ဒီလူက အမှုပွဲစားဆိုတော့ သိတဲ့အတိုင်းပဲ ရဲနဲ့ စစ်တပ်ရော အဆက်အသွယ်ရှိတယ်။ ဒါ့ကြောင့် အပစ်ခံရတာဖြစ်မယ်။ သုံးချက်ထိတယ် သေသွားတယ်။”
သေဆုံးသွားတဲ့ အမျိုးသားကို စစ်ကောင်စီတပ်က လူနာတင်ယာဥ်နဲ့ သယ်ဆောင်ပြီး အနီးပတ်ဝန်းကျင်ကလူတွေကို စစ်ဆေးသွားတယ်လို့ ရပ်မိရပ်ဖတယောက်က ပြောပါတယ်။
“ဘယ်သူလာပစ်လဲ၊ ရပ်ကွက်ထဲကလူတွေက သိမလား။ ကျနော့်မေးလည်း သိမှာမဟုတ်ဘူး။ အဲဒါ မသိရကောင်းလားဆိုပြီး စစ်တပ်က ဆဲဆိုသွားသေးတယ်။”
အဆိုပါပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာ ထုတ်ပြန်ထားတာ မရှိသေးသလို ဘာကြောင့် ပစ်သတ်သွားတယ်ဆိုတာလည်း မသိရသေးပါဘူး။
မနေ့ နေ့လယ်ပိုင်းကလည်း မြောက်ဥက္ကလာပမြို့နယ် ဌ ရပ်ကွက် သဇင်လမ်းမှာ ရာအိမ်မှူး ဦးစိုးစိုး သေနတ်နဲ့ ရှစ်ချက်ပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။
ရန်ကုန်တိုင်းအတွင်း မြို့နယ်တချို့မှာ အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၂၆ ရက်အထိ ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှု ၃၃ ကြိမ်ဖြစ်ခဲ့ပြီး ၂၁ ယောက်သေဆုံးကာ ၃၇ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။