တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ဂန့်ဂေါ်တောင်ရွာရှိ ရော်ဘာခြံတခြံမှာ ခြံအလုပ်သမားလင်မယားရဲ့ ကလေးငယ် ၄ ယောက်ကို ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ ရော်ဘာခြံမန်နေဂျာနဲ့ သမီးဖြစ်သူတို့က ရေဖြူရဲစခန်းမှာ ဖမ်းထားတယ်လို့ ဒေသခံရွာသားတွေဆီက သိရပါတယ်။
ဂန့်ဂေါ်တောင်ရွာက ရော်ဘာခြံမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားလင်မယားက အကြွေးမဆပ်နိုင်တဲ့အတွက် သူတို့ရဲ့ အသက်မပြည့်သေးတဲ့ ကလေးငယ် ၄ ယောက်ကို ရော်ဘာခြံမန်နေဂျာ ဦးရီလွင်နဲ့ သမီးဖြစ်သူ မရီမာလွင်တို့က ညှဉ်းပန်းနှိပ်စက်ခဲ့တယ်လို့ ရပ်ရွာလူထုက တိုင်ကြားတဲ့အတွက် သူတို့နှစ်ယောက်ကို ဖမ်းဆီးထားတာပါ။
ညှဉ်းပန်းနှိပ်စက်ခံထားရတဲ့ ကလေးငယ်တွေဟာ လမိုင်းမြို့ကနေ ကံပေါက်ဒေသက ခြံတခုမှာ လာရောက်လုပ်ကိုင်တဲ့ ရော်ဘာခြံအလုပ်သမားလင်မယားရဲ့ သားသမီးတွေ ဖြစ်ကြပြီး အသက် ၁၃ နှစ်အရွယ်၊ ၁၀ နှစ်အရွယ်၊ ၆ နှစ်အရွယ်နဲ့ ၃ နှစ်အရွယ် သမီးငယ် ၄ ယောက် ဖြစ်ပါတယ်။
အသက် ၁၃ နှစ်အရွယ် သမီးငယ်လေးကတော့ အောက်တိုဘာ ၂၁ ရက် သွားရောက်ခေါ်ယူစဉ်ကတည်းက သတိလစ်သလိုဖြစ်နေပြီး အစားအသောက်မဝင်တာနဲ့ စကားမပြောနိုင်တာကြောင့် ကံပေါက်တိုက်နယ်ဆေးရုံကတဆင့် ထားဝယ်ဆေးရုံကြီးမှာ တက်ရောက်ကုသနေရပြီးအောက်တိုဘာ ၂၆ ရက်မှာတော့ နည်းနည်းပြန်သက်သာလာနေတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။
ကျန်တဲ့ကလေးငယ် ၃ ယောက်မှာလည်း ရိုက်ထားတဲ့ ညိုမဲဒဏ်ရာတွေအပြင် ဆေးလိပ်မီးနဲ့ တို့ခံထားရတဲ့ ဒဏ်ရာတွေပါ ရနေတာဖြစ်ပြီး ကလေးငယ်တွေကို ကိုယ်တုံးလုံးချွတ် ရိုက်တယ်လို့ သိရပါတယ်။
ကလေးငယ်တွေရဲ့ မိဘတွေနဲ့ ကလေးငယ်တွေ အဆက်အသွယ် ပြန်လည်ရရှိပြီး ထားဝယ်ဆေးရုံမှာ သမီးကြီးဖြစ်သူကို အနီးကပ်စောင့်ရှောက်နေကာ ကျန်ကလေးငယ် ၃ ယောက်ကိုတော့ ရွာဘုန်းကြီးကျောင်းမှာ ရပ်ရွာကပဲ စောင့်ရှောက်ပေးနေပါတယ်။
ရွာသားတယောက်က “လွန်ခဲ့တဲ့လပိုင်းလောက်က ခြံအလုပ်သမားတွေက အကြွေးမဆပ်နိုင်တာကြောင့် ကလေးတွေကို အပေါင်ခံတဲ့သဘောနဲ့ ထားခိုင်းတယ်။ ပြီးတော့ သူကပဲ ကလေးတွေကို မွေးစားထားခဲ့ရသလို ရပ်ရွာထဲပြောပြီး အခုလို နှိပ်စက်နေတာပါ။ အခုကတော့ တော်တော်လက်လွန်နေလို့ ရပ်ရွာကလည်း လက်မခံလို့ တိုင်လိုက်တာပါ။ အရင်ကလည်း ကလေးတွေကို ဘုန်းကြီးကျောင်းကရော ရွာထဲက မကြည့်ရက်သူတွေကရော တောင်းခဲ့တာပဲ မပေးခဲ့ဘူး” လို့ ပြောပါတယ်။
အောက်တိုဘာ ၁၈ ရက်နေ့မှာ ဂန့်ဂေါ်တောင်ရွာက ရပ်မိရပ်ဖတွေက ဦးရီလွင်ရဲ့ ရော်ဘာခြံကို သွားရောက်မေးမြန်းရာ ကလေးငယ်တွေကို အမှန်တကယ် ညှဉ်းပန်းနှိပ်စက်ထားတာကို တွေ့ရှိခဲ့ပါတယ်။
ဒါ့ကြောင့် ကလေးငယ်တွေရဲ့ မိဘတွေကို ဆက်သွယ်ပြီး အောက်တိုဘာ ၂၀ ရက်မှာ ဂန့်ဂေါ်တောင်ရွာ ဘုန်းကြီးကျောင်းမှာ ဦးရီလွင်ထံ ပေးစရာရှိတဲ့အကြွေး ဆယ်သိန်းကိုးသောင်းကျပ်ကို ရပ်ရွာလူထုကပဲ ရှင်းပေးကာ ရဲစခန်းမှာ တိုင်ချက်ဖွင့်ပြီး ဦးရီလွင်တို့သားအဖကို အောက်တိုဘာ ၂၁ ရက်မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဦးရီလွင်တို့သားအဖ အောက်တိုဘာ ၂၂ ရက်နေ့မှာ အာမခံနဲ့ ပြန်လွတ်လာပြီး အောက်တိုဘာ ၂၅ ရက်နေ့မှာ ရေဖြူရဲစခန်းကို ပြန်ခေါ်သွားခဲ့ကာ ဘာအမှုနဲ့ စွဲချက်တင်မယ် ဆိုတာကိုတော့ မသိရသေးပါဘူး။
ကံပေါက်ဒေသခံတယောက်က “ဒီလို ညှဉ်းပန်းနှိပ်စက်မှုမျိုးကိုတောင် အာမခံနဲ့ ပြန်လွှတ်ပေးသေးတော့ တရားမျှမျှတတဖြစ်ဖို့ ဆိုတာတော့ စောင့်ကြည့်ရမယ့် အခြေအနေမှာရှိတယ်။ ရပ်ရွာလူထုကလည်း ကျူးလွန်သူတွေအပြင် အာမခံပေးသူတွေကိုပါ Social punishment လုပ်သင့်တယ်” လို့ ပြောပါတယ်။
ကံပေါက်ဒေသမှာ သီဟို၊ ရော်ဘာ၊ ကွမ်း ဥယျာဉ်ခြံလုပ်ငန်းကို ဒေသခံအများစု လုပ်ကိုင်ကြပြီး ခြံရှင်၊ မန်နေဂျာနဲ့ အလုပ်သမားတွေကြားမှာ ပဋိပက္ခဖြစ်တာမျိုး မကြာခဏ ကြုံနေရပေမဲ့ အခုလိုဖြစ်စဉ်မျိုးကတော့ မရှိခဲ့ဖူးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။