မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထောင်မှူးကျေးရွာအုပ်စု၊ ဈေးမသွယ်ကျေးရွာမှာ စစ်ကောင်စီလက်အောက်ခံ နယ်ထိန်းရဲတယောက်ကို သေနတ်နဲ့ ပစ်ခတ်ရှင်းလိုက်တယ်လို့ သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၂၅ ရက် ညနေ ၆ နာရီလောက်က ဈေးမသွယ်ကျေးရွာ ဘီယာဆိုင်မှာ ဘီယာသောက်နေတဲ့ နယ်ထိန်းရဲတပ်ကြပ် အောင်ဝင်းထွန်းကို သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။
သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် နယ်ထိန်းရဲတပ်ကြပ် အောင်ဝင်းထွန်းဟာ ရင်ဘတ်နဲ့ ဦးခေါင်းတွေမှာ သေနတ်ဒဏ်ရာ ၅ ချက်ရရှိပြီး အခင်းဖြစ်နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့တာပါ။
နယ်ထိန်းရဲတပ်ကြပ် အောင်ဝင်းထွန်းဟာ လမ်းဘေးဓာတ်ဆီဆိုင်တွေမှာ ဆီထည့်ရင် ဆိုင်ရှင်တွေကို ပိုက်ဆံမပေးတာအပြင် ဒေသခံတွေကို ခြိမ်းခြောက် အကျပ်ကိုင်နေတဲ့အတွက် ပစ်ခတ်ရှင်းလင်းရတာလို့ သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတဲ့ နယ်ထိန်းရဲတပ်ကြပ် အောင်ဝင်းထွန်းကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သထုံခရိုင် ပြည်သူ့ဆေးရုံ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
သထုံမြို့နယ်အတွင်းရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ အနေနဲ့လည်း တပတ်အတွင်း နုတ်ထွက်ကြဖို့ သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နောက်ဆုံးအကြိမ် သတိပေးထားပါတယ်။
သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်ကလည်း သထုံမြို့နယ်၊ ဒေးဗရိန်းကျေးရွာက ပျူစောထီးခေါင်းဆောင် စိုးဝင်းကို ပစ်ခတ်ရှင်းလင်းထားပါတယ်။