ဖားကန့်မြို့ နယ်ထဲက အနန့်ပါဒေသအား စစ်ကောင်စီလေတပ်က လေယာဥ်နဲ့ဗုံးကြဲတဲ့ကိစွကို ဝမ်းနည်းကြောင်းတင်ခဲ့တဲ့ နေပြည်တော်က ဗိုလ်မှုးတဦးကို စစ်ကောင်စီက အောက်တိုဘာ ၂၄ ရက်မနက်ပိုင်းက ဖမ်းဆီးပြီး စစ်ကြောရေးကို ပို့ဆောင်ခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေက ပြောပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့ KIA တပ်မဟာ ၉ နယ်မြေမှာ အောက်တိုဘာ ၂၃ ရက်ညပိုင်းက KIO ၆၂ နှစ်ပြည့် အခမ်း အနားကျင်းပစဉ် စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးခဲ့တဲ့ဖြစ်စဥ်ကို လူမှုကွန်ရက်စာမျက်နှာမှာ ဝမ်းနည်းကြောင်း Profile အမည်းရောင်တင်ခဲ့တဲ့ ဆေးတပ်မှ ပါရဂူဗိုလ်မှူးတဦးကို ဖမ်းဆီးခဲ့တာလို့ စစ်တပ်နဲ့နီးစပ်သူတဦးက ပြောပါတယ်။
"မနေ့မနက်အစောကြီးကတည်းက ဗျူဟာမှူးနဲ့ အဖွဲ့ လာဖမ်းသွားတာ၊ နေပြည်တော်က သီးသန့်အချုပ်ထောင်ကို ပို့ထားတယ်၊ ပြီးမှစစ်ကြောရေးကို ပို့မှာ။"
နေပြည်တော်ကောင်စီ ပုဗ္ဗသီရိမြို့နယ် တပင်ရွှေထီးရပ်ကွက် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀) မှာ တာဝန်ထမ်းဆောင်နေတဲ့ ဆေးပါရဂူ ဗိုလ်မှူး ကျော်ဖုန်းမြင့်ကို မနေ့မနက်ပိုင်းက ဖမ်းဆီးခဲ့တာလို့ ဆေးရုံနဲ့နီးစပ်သူတဦးက ပြောပါတယ်။
"သူ Facebook အကောင့်မှာ profile အမဲချိန်းလိုက်တာ၊ အဲ့ဒါကို ဆေးရုံထဲကလူတွေကပဲ သတင်းပေးလိုက်တာ၊ အာ့ကြောင့် အဖမ်းခံရတာ။"
လက်တလောမှာ ဖမ်းဆီးခံရသူဗိုလ်မှုးကျော်ဖုန်းမြင့်ကို နေပြည်တော်အချုပ်ထောင်မှာ ပို့ထားကာ စစ်ကြောရေးကို လွဲပြောင်းပေးဖို့ လုပ်နေပြီး ဇနီးဖြစ်သူကိုလည်း ဆေးရုံဝန်ထမ်းအိမ်ရာအတွင်း လုံခြုံရေးတွေနဲ့စောင့်ကြည့်ထားတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။