ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ မြို့မရဲစခန်းက စာရေးရဲတပ်ကြပ်ကြီး ထွန်းထွန်းမင်းဟာ အောက်တိုဘာ ၂၁ ရက်နေ့က ကိုဗစ်ရောဂါဖြစ်ပွားပြီး သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။
စာရေးရဲတပ်ကြပ်ကြီး ထွန်းထွန်းမင်းဟာ ရောဂါဖြစ်ပွားလို့ ဆေးရုံတက်ချိန်မှာပဲ ကိုဗစ်ရောဂါ ကူးစက်ခံရကြောင်း သိရှိခဲ့တာဖြစ်ပြီး အဲ့နေ့မှာပဲ သေဆုံးခဲ့တာလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေက ပြောပါတယ်။
“ဒီဆရာကြီးက အရက်သောက်တာ များတယ်၊ အဲ့တော့ အသဲမကောင်းဘူး။ နောက်ဆုံး ဆေးရုံတက်မှ ကိုဗစ်ဖြစ်နေတာသိတာ။ အဲ့နေ့ပဲ ဆေးရုံမှဆုံးတာ” လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ပြောပါတယ်။
ရဲတပ်ကြပ်ကြီး ထွန်းထွန်းမင်း ကိုဗစ်ရောဂါနဲ့သေဆုံးတာနဲ့ပတ်သက်ပြီး သတင်းကိုအပြင်မပေါက်ကြားဖို့ စစ်ကောင်စီဘက်က ရဲတပ်ဖွဲ့ကို ဖိအားပေးခဲ့တာလို့ ဆိုပါတယ်။
ကိုဗစ်နဲ့သေဆုံးခဲ့တဲ့ ရဲတပ်ကြပ်ကြီး ထွန်းထွန်းရဲ့ ရုပ်အလောင်းလည်း နေ့မကူးဘဲ သင်္ဂြိုဟ်ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေက ပြောပါတယ်။
ဧရာဝတီတိုင်းမှာ အောက်တိုဘာ တတိယပတ်အထိ ကိုဗစ်လူနာ ၂၀၀ ကျော်တွေ့ရှိထားတယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပေမယ့် ကိုဗစ်နဲ့သေဆုံးတဲ့ လူနာစာရင်းကိုတော့ ထုတ်ပြန်ထားတာမျိုးမရှိပါဘူး။