Home
မြန်မာသတင်း
မိုးမောက်မြို့နယ် လုံဂျာဘွမ်ကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ပစ်ခတ်
DVB
·
October 24, 2022
Lone Gar Buan air strike SAC

ကချင်ပြည်နယ် မိုးမောက်မြို့နယ် လုံဂျာဘွမ်ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ လာရောက် ပစ်ခတ်နေတာ ၃ ရက် ဆက်တိုက်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။ 

အောက်တိုဘာ ၂၄ ရက်နေ့ မနက် ၆ နာရီခန့်က လေယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့သလို ၁၁ နာရီခွဲလောက် တကြိမ် လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

“ဂျက်လေယာဉ်က ၂ စီး၊ တစီးကပဲ ပစ်တာ၊ ဗုံးလည်း ချတယ်၊  ပစ်လည်းပစ်တယ်။ လေယာဉ်က တော်တော်ဝဲနေတာ။ လက်နက်ကြီးနဲ့လည်း ပစ်တယ်။ မိုးမောက် အထက ကျောင်းမှာလည်း ၃ လုံးကျတယ် ကြားတယ်။ လုံဂျာဘက် သွားတဲ့လမ်းမှာ လက်နက်ကြီး ကျတယ်။ လူအထိအခိုက်တော့ မကြားသေးဘူး။ လေယာဉ်က ၁၅ မိနစ်လောက် လှည့်နေသေးတာ။ ပြီးတော့မှ မြစ်ကြီးနား လမ်းဘက် တက်သွားတယ်။”

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်မဟာ ၃ အောက် တပ်ရင်း ၁၅ နယ်မြေရှိရာ လုံဂျာတောင်(လုံဂျာဘွမ်) ကို ဦးတည်တိုက်ခိုက်နေပြီး အနီးအနားက ကျေးရွာတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။ 

“မိုးမောက်-လွယ်ဂျယ်လမ်း ဘယ်ဘက်ခြမ်းမှာရှိတဲ့ လုံဂျာတောင် အဓိက တိုက်နေတာ။ မြေပြင်ကနေလည်း စစ်ကြောင်းထိုးနေတယ်။  ၂၂ ရက်နေ့က တနေကုန်နီးပါး တိုက်ပွဲဖြစ်တယ်။ ၂၃ ရက်နေ့က ၁၂ နာရီနောက်ပိုင်း ဖြစ်တယ်။ ၂၄ ရက်နေ့ မနက်ပိုင်း သေနတ်သံတွေကြားတယ်။”

လုံဂျာဘွမ်အနီးမှာရှိတဲ့ ဝဝမ်ကျွေးရွာ၊ လုံဂျာကျေးရွာ ဒါတွေနဲ့ ဆက်စပ်နေတဲ့ ခါနန်ကျေးရွာတွေက ပြည်သူတွေ မိုးမောက်မြို့ဘက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ 

အောက်တိုဘာ ၂၃ရက်နေ့ ညကလည်း စစ်ကောင်စီတပ်တွေက ဂျက်လေယာဉ် ၂စီးနဲ့ ဖားကန့်  အနန့်ပါ ဘက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024