ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်၊ ၇ ရပ်ကွက်၊ ဘုရင့်နောင်လမ်းမှာ အောက်တိုဘာ ၂၄ ရက် မနက်ပိုင်းက ဗုံးပေါက်ကွဲပြီး အမျိုးသား တယောက်နဲ့ အမျိုးသမီး တယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ရပ်ကွက်က သတင်းပေးဒလန်လို့ သတ်မှတ်ခံထားရတဲ လင်မယားနှစ်ယောက် ကွမ်းယာဆိုင် လာဖွင့်တဲ့အချိန် ဗုံးခွဲ တိုက်ခိုက်ခံရတာဖြစ်တယ်လို့ ရပ်ကွက်နေသူ တဦးက ပြောပါတယ်။
"သူတို့လင်မယားတွေ ဆိုင်လာဖွင့်တဲ့အချိန် ဗုံးပေါက်တာ။ သေ မသေတော့ မသိဘူး။ လူနာတင်ယာဥ်နဲ့ လာသယ်သွားတာတွေ့တယ်"လို့ ပြောပါတယ်။
အဆိုပါဗုံးခွဲတိုက်ခိုက်မှုကို " The Salvation Revolters " အဖွဲ့က mission ဆောင်ရွက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီနဲ့ မပတ်သတ်ဖို့ အကြိမ်ကြိမ် သတိပေးတားမြစ်ခဲ့ပေမဲ့လိုက် နာခြင်း မရှိလို့ တိုက်ခိုက်ရတာဖြစ်တယ်လို့ လူမှုကွန်ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်တွေဟာ ဘုရင့်နောင်လမ်းနဲ့ မင်းရဲကျော်စွာလမ်းမှာ ဆိုင်ကယ်နဲ့ကားတွေကို စစ်ဆေးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တချို့မှာ အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၂၄ ရက်အထိ ဗုံးပေါက်ကွဲမှုနဲ့ပစ်ခတ်မှု ၃၂ ကြိမ်ဖြစ်ခဲ့ပြီး ၁၈ ဦးသေဆုံးကာ ၃၆ ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။