စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်အတွင်း S&C မီးဘေး ၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်မှုအဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ ဒုတိယမြောက် CDM ကျောင်းကို ဖွင့်လှစ်ထားပြီး စာရေးခုံ နဲ့စာရေး ကိရိယာတွေ လိုအပ်နေတယ်လို့ S&C မှ ကိုစိုးမိုးအောင်က ပြောပါတယ်။
ဒုတိယမြောက် CDM စာသင်ကျောင်းမှာ မူလတန်းကနေ ၁၀ တန်းအထိ ပညာသင်ကြားပေး နေပြီး ကျောင်းသား၊ ကျောင်းသူ အယောက် ၄၀၀ ကျော် နဲ့ ဆရာ၊ ဆရာမ ၃၈ ယောက် ရှိတယ်လို့ ဆိုပါတယ်။
S&C မှ တာဝန်ရှိသူ ကိုစိုးမိုးအောင်က "ကျောင်းမှာ လိုအပ်တာတွေအများကြီးရှိနေပါတယ်။ စာသင်ခုံတွေ လိုအပ်ပါတယ်။ ကလေးတွေ မြေကြီးပေါ်မှာ စာသင်နေရတာ။ ခုလက်ရှိ ၂ ကျောင်း နဲ့ကို ငွေအတော်လေးကုန်တယ်။ ခုဆိုကျောင်း ၂ ကျောင်းပေါင်းရင် ဆရာ ဆရာမပေါင်း ၆၀ ကျော်ရှိပြီ။ ၂ ကျောင်းကို ကျောင်းသူ ကျောင်းသားပေါင်း ၆၀၀ ကျော်ရှိတယ်။ ဆရာ၊ ဆရာမ တွေကိုလည်း ကျနော်တို့က လှူတဲ့ငွေလေးတွေနဲ့ မျှဝေပြီး လစာ ပေးနေပါတယ်”လို့ ပြောပါတယ်။
ဒါ့အပြင် S&C ရဲ့ ပထမဆုံး CDM ကျောင်းကို ပြီးခဲ့တဲ့ ဇူလိုင်က ရှမ်းပြည်နယ်တောင်ပိုင်း မဘိမ်းမြို့နယ်ရှိကျေးရွာ တရွာမှာ ကျောင်းသား၊ ကျောင်းသူ ၁၃၀ ဦး၊ CDM ဆရာ၊ ဆရာမ ၁၂ ဦး၊ စေတနာ့ဝန်ထမ်း ၆ ဦးတို့နဲ့ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။