ဧရာဝတီတိုင်း၊ ပုသိမ်မြို့အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့အတွက် သတင်းထောက်လှမ်းရေးတပ်သား စတင်ခေါ်ယူနေတယ်လို့ မြို့ပြပြောက်ကျားတပ်ဖွဲ့က အောက်တိုဘာ ၂၀ ရက်နေ့က အသိပေးကြေညာထားပါတယ်။
တော်လှန်ရေးကိုပါဝင်လိုတဲ့ ဒေသခံပြည်သူတွေအနေနဲ့ မိမိတို့နေအိမ်ထဲမှာနေထိုင်ရင်း စစ်ကောင်စီတပ်သားတွေနဲ့ လက်အောက်ခံရဲတွေရဲ့ မြေပြင်လှုပ်ရှားမှုသတင်းတွေကို တော်လှန်ရေးအင်အားစုတွေဆီ ပေးပို့ပေးရမယ်လို့ မြို့ပြပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။
“အိမ်ထဲနေပြီးတော့ ဒီစကစ တပ်သားတွေနဲ့ ရဲတွေသတင်းကို ပို့ပေးဖို့ တော်လှန်ရေးတပ်သားခေါ်ယူတာပါ။ အစ်ကိုတို့အဖွဲ့အနေနဲ့ စကစ ယာဉ်တန်းမိုင်းဆွဲတာ၊ ရေကြောင်းရဲတပ်ဖွဲ့ကို ဝင်တိုက်တာတွေလုပ်ထားတဲ့ အဖွဲ့ဖြစ်တယ်။ အဲ့ဒီလိုလုပ်ဖို့အတွက်လည်း ဒေသခံတွေရဲ့ သတင်းပေးပူးပေါင်းဖို့ လိုအပ်ပါတယ်။”
ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့အနေနဲ့ တော်လှန်ရေးစတင်ချိန်ကနေ အောက်တိုဘာအထိ မစ်ရှင်ပေါင်း ၃၅ ခု ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ စစ်အာဏာရှင်ကို တော်လှန်နေတဲ့အဖွဲ့အစည်းဖြစ်ပြီး MOD ရဲ့ ချမှတ်ထားတဲ့ စစ်ရေး ၁ နှစ်တာ ကာလဟာ အလွန်အရေးကြီးတာကြောင့် ပုသိမ်ခရိုင်အတွင်းက ပြည်သူတွေကို သတင်းထောက်လှမ်းရေး တပ်သားအဖြစ်ပါဝင်ဖို့ ဖိတ်ခေါ်ရတာလို့ ပြောပါတယ်။
ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့ဟာ အောက်တိုဘာ ၂ ရက်နေ့က စစ်အုပ်စုပိုင် မိုင်တဲလ်ရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။