Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းက ကျေးရွာ ၂ ရွာကို ဗုံးကြဲ၊ စစ်ရှောင်စက်လှေ လက်နက်ကြီးဖြင့် ပစ်ခံရပြီး ၅ ဦး ပျောက်ဆုံး
DVB
·
October 22, 2022
00000000

စစ်ကိုင်းတိုင်း မြောင်မြိုနယ်အတွင်း အောက်တိုဘာ ၂၂ ရက် မနက် ၅ နာရီက ဧရာဝတီမြစ်အတွင်း သွားနေတဲ့ စစ်ရှောင်စက်လှေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ရွှေပေါက်ပင်ရွာက အရပ်သား ၅ ယောက် ပျောက်ဆုံးနေတယ်လို့ မြောင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) တာဝန်ရှိသူတဦးက ပြောပါတယ်။

“မနက်ခင်း ၄ နာရီလောက်က ကျောက်ရစ်ကနေ ရွှေပေါက်ပင်ဘက် စစ်ကြောင်းထိုးလာလို ပြည်သူတွေက ထွက်ပြေးတာကို လက်နက်ကြီးနဲ့ ပစ်တာ။ လက်နက်ကြီးက စက်လှေပေါ် တည့်တည့်ကျပြီး မြုပ်သွားတယ်။ စက်လှေပေါ်က လူ ၆ ယောက်ပါတယ်။ တယောက်ကတော့ လွတ်လာတယ်။ ၅ ယောက်ကတော့ ဧရာဝတီမြစ်ထဲ ပျောက်ဆုံးနေတယ်။ အခု‌လွတ်လာတဲ့ တယောက်ကတော့ ကျနော်တို့ ဆေးကုပေးနေတယ်။” 

အောက်တိုဘာ ၂၂ ရက်မှာ စစ်ကောင်စီတပ်ဟာ မြောင်မြို့ရဲ့ အရှေ့မြှောက်ဘက်  မြင်းမူနယ်ကနေ ရွှေပေါက်ပင်ရွာကို စစ်ကြောင်း တကြောင်း၊ မြောင်မြို့ရဲ့အနောက်တောင်အရပ် ကျောက်ရစ်စခန်း ကနေ နနွန်းကိုင်း၊ ဆူးလေကုန်း၊ သနပ်ကုန်းရွာဘက်ကို စစ်ကြောင်းတကြောင်းနဲ့  စစ်ကြောင်း ထိုးနေတာကြောင့် ဒေသခံတွေ တိမ်းရှောင်နေရပါတယ်။

အောက်တိုဘာ ၂၁ ရက် နဲ့ ၂၀ ရက်တွေက နှစ်ဖက်တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ကသာခရိုင် ဗန်းမောက်မြို့နယ်က ကြောင်လည်ရွာနဲ့ မံယူးကြီး ရွာတွေအပေါ် ဗုံးကြဲခဲ့ပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံတွေ သေဆုံး၊ ဒဏ်ရာရရှိတာတွေရှိသလို ခန်းမတခု မီးလောင်ပြာကျသွားခဲ့ပြီး တိုက်နယ်ဆေးရုံနဲ့ နေအိမ်တချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “အောက်တိုဘာ ၂၁ ရက် နေ့လယ် ၁ နာရီဝန်းကျင်လောက်မှာ ကြောင်လည်ကျေးရွာကို ဗုံးကြဲ သွားတယ်။ ခန်းမတခုလုံး မီးလောင်တယ်။ ဆေးပစ္စည်းတွေ အားလုံးလည်း မီးထဲပါသွားတယ်။ ဒေသခံအမျိုးသား ၁ ယောက် သေဆုံးသလို အမျိုးသမီး ၁ ယောက်လည်း ထိမှန်ဒဏ်ရာရခဲ့တယ်” လို့ ပြောပါတယ်။

အောက်တိုဘာ ၂၀ ရက် ညနေ ၄ နာရီဝန်းလောက်ကလည်း မံယူးကြီးကျေးရွာက ဆေးပေးခန်းတခုကို စစ်ကောင်စီတပ်လေယာဥ်တွေက ဗုံးကြဲချခဲ့တာကြောင့် ဒေသခံ ၁ ယောက်သေဆုံးပြီး ၅ ယောက် ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ၂ ရက်ဆက်ပြီး စစ်ကောင်စီတပ်က အကြောင်းမဲ့ လေယာဥ်တွေနဲ့ဗုံးကြဲနေတာကြောင့် ဒေသခံအများအပြား စိုးရိမ်စိတ်ကြီးစွာနဲ့ နေထိုင်ကြရတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၂၁ ရက် မနက်ပိုင်းက ယင်းမာပင်မြို့နယ်က ရွှေလှံကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တဲ့အတွက် PDF ရဲဘော်တချို့ ကျဆုံးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဒေသခံတယောက်က “ရင်ပေါင်တိုင်ကျေးရွာဘက်ကနေ လာပြီး မနက်မလင်းခင်မှာ ရွှေလှံ ကျေးရွာကို ဝင်ရောက်စီးနင်းပစ်ခတ်တာ။ အဲဒီရွာထဲမှာ တချို့ရဲဘော်တွေ အိပ်နေတဲ့ အိမ်ထဲထိကို ဝင်ပစ်တာ။ သိရသလောက်ကတော့ PDF ၁၀ ယောက် ကျဆုံးခဲ့သလို ဒဏ်ရာ ရထားတဲ့သူ ကလည်း ၂ ယောက်ရှိတယ်။ ဒေသခံတွေနဲ့ ပတ်သက်ပြီးတော့ အားလုံးဟာ ရွာကို ပြန်မရောက်ကြသေးတာကြောင့် သူတို့ရဲ့အခြေအနေ အလုံးစုံလည်း မသိရသေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ နေ့လယ်ပိုင်းလောက်မှာ ရွှေလှံကျေးရွာအတွင်းကနေ ပြန်လည်ထွက်ခွာ သွားခဲ့တာကြောင့် ဒေသခံတချို့လည်း ရှာဖွေရှင်းလင်းရေးတွေ လုပ်နေကြတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၂၀ ရက် ညနေ ၃ နာရီလောက်ကလည်း ကလေးခရိုင်၊ မင်းကင်းမြို့နယ် တောင်တွင်းဒေသရှိ ကျေးရွာ ၂ ရွာက နေအိမ်တချို့ကို စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မအူကျေးရွာမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တို့က မြေနီကျေးရွာက နေအိမ် ၉ လုံးနဲ့ ဝရဲကျေးရွာက နေအိမ် ၄ လုံးကို လာရောက် မီးရှို့သွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မွန်းတည့် ၁၂ နာရီလောက်ကလည်း ဝရဲကျေးရွာက ကိုဌေး နဲ့ ကိုဘိုကြီးတို့ကို PDF အဖွဲ့ကို ထောက်ပံ့တယ်ဆိုပြီး စစ်ကောင်စီတပ်က နေအိမ်တွေကနေ ဖမ်းသွားတယ်လို့ ဆိုပါ တယ်။

အခုဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးသလို သီးခြားစုံစမ်းနိုင်ခြင်းတော့ မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024