တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ရွာနေ ဒေသခံ ၄ ယောက်ကို စစ်ကောင်စီနဲ့ ပျူစောထီးတွေက ညသန်းခေါင်အချိန် နေအိမ်မှာ လာရောက်ပစ်ခတ် သတ်ဖြတ်ခဲ့တယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ခလရ ၁၀၄ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ မောင်းမကန်နယ်မြေ ရဲတွေနဲ့ သဘော့ဆိပ် ပျူစောထီး အဖွဲ့က ဦးစိုးတင်နဲ့ ဇနီးဖြစ်သူ ဒေါ်နွဲ့၊ ရေလုပ်သား ကိုသက်ဦး(မြ င်းကြီးရွာသား) နဲ့ ရွာအရှေ့ပိုင်းက ကိုဇေယျာထွန်း(ခ) ကိုဇေတို့ကို PDF အဖွဲ့ကို ထောက်ပံ့တယ်ဆိုပြီး အောက်တိုဘာ ၂၀ ရက် ည ၁၂ နာရီလောက်မှာ လာရောက်ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။
မိသားစုဝင်နဲ့ နီးစပ်သူတဦးက “သေနေတာ မနက်ကျမှ သိကြတယ်။ သူတို့က သတ်ပစ်ပြီးတော့ PDF သတ်တဲ့ ပုံစံမျိုးထားခဲ့တယ်။ PDF သတ်တာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ရွာအရှေ့ပိုင်း (သဘော့ဆိပ်ရွာဘက်) က တယောက်ပါ သေနေတာလေ” လို့ ပြောပါတယ်။
မောင်းမကန်-မျှော်ယစ်လမ်းပေါ်က ဦးစိုးတင့်နေအိမ်ရှေ့မှ စစ်ကောင်စီအဖွဲ့တွေပါတဲ့ကားဟာ ည ၁၁ နာရီမှာ ဖြတ်သန်းကာ သဘော့ဆိပ်ရှိ ဦးမင်းအောင်ဆိုသူကို ရှာဖွေပေမဲ့ မတွေ့တာကြောင့် ယောက်ဖဖြစ်သူ ကိုဇေဆိုသူကို ဖမ်းဆီးကာ ည ၁၂ နာရီလောက်မှာ အခင်းဖြစ်နေရာကို ပြန်လာ ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူတွေရဲ့ အလောင်းကိုတော့ မနေ့ညနေက ကျောက်ဆင်ကျေးရွာမှာ သင်္ဂြိုဟ်လိုက်ပြီ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင် အင်အားအများအပြားနဲ့ ရောက်ရှိလာပြီး ပြည်သူ ၄ ဦးကို နေအိမ်မှာ အနီးကတ် ပစ်ခတ် သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး မိသားစုတွေနဲ့အတူ ထပ်တူ ဝမ်းနည်းရတယ်လို့ လောင်းလုံးမြို့ နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း လောင်းလုံးမှာ ပြည်သူ ၃၀ ဦးသေဆုံးခဲ့ပြီဖြစ်ပြီး စစ်ကောင်စီက အကြမ်းဖက်မှုလုပ်ရပ်များ ဆက်တိုက်ပြုလုပ်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ လုံခြုံရေး အထူးဂရုစိုက်ကြဖို့ကိုလည်း တိုက်တွန်း ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်ကလည်း မောင်းမကန်ရွာသား ဦးဇော်ဝင်းနဲ့ သဘော့ဆိပ်ရွာသူ ဒေါ်ပွာ ဆိုသူတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ လက်ဝေခံပျူစောထီးတပ်ဖွဲ့ဝင်တွေက ညသန်းခေါင်ကျော်ချိန် နေအိမ်မှာလာနှိုးပြီး PDF ထောက်ပံ့တယ်လို့ စွပ်စွဲကာ သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။