ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ငါးခူရ(ဟိန္ဒူ)ကျေးရွာမှ အသက် ၈ နှစ်အရွယ် ကလေး တယောက် အောက်တိုဘာ ၂၁ ရက် နေ့လယ်ပိုင်း တောဆင်ရိုင်းနင်းခံရပြီး သေဆုံးသွားတယ်လို့ ငါးခူရကျေးရွာဒေသခံဟိန္ဒူတွေက ပြောပါတယ်။
ဒေသခံရွာသားတဦးက "မနေ့က နေ့လယ်ပိုင်းမှာ တောဆင်ရိုင်း ၂ ကောင်က ရွာအရှေ့ဘက် တောင်ကုန်းနားကို ရောက်လာကြတယ်။ အဲ့ဒါကို ကလေးတွေက သွားကြည့်ကြတာ။ ဆင်လိုက်လို့ ထွက်ပြေးတော့ ဒီကလေးငယ်က မပြေးနိုင်လို့ ဆင်နင်းခံလိုက်ရတာ" လို့ ပြောပါတယ်။
တောဆင်ရိုင်း နင်းခံရမှုကြောင့် ကလေးငယ် ဘော်ရော်တ်(ဘ)ရှူးနီရဲ့ ခြေထောက်နဲ့ လက်တွေ ကျိုးပဲ့ဒဏ်ရာ ရရှိခဲ့ပြီး မောင်တောခရိုင်ပြည်သူ့ဆေးရုံပို့ဆောင်ဖို့ ပြင်ဆင်နေစဉ် သေဆုံးသွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
မောင်တောဒေသအတွင်း တောဆင်ရိုင်း သတ်ဖြတ်မှုကြောင့် ၂၀၂၀ ခုနှစ် မှ ၂၀၂၁ ခုနှစ်အတွင်း အထက်ကံသာယာ၊ ဗောဓိကုန်း၊ ငန်းချောင်း၊ ကျောက်ချောင်း ကျေးရွာများမှ ဒေသခံ ၄ ယောက်နဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်က မောင်တောမြို့နယ်မြောက်ပိုင်း ရွှေတောင်ကျေးရွာမှ ဒေသခံ အမျိုးသမီး ၁ ယောက် သေဆုံးခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
မောင်တောမြို့နယ်သစ်တောဦးစီးဌာန တာဝန်ရှိသူတွေက တောဆင်ရိုင်း သတ်ခွင့်ကို ဥပဒေအရ တားဆီးထားပြီး ဆင်ရိုင်းအန္တရာယ်ကာကွယ်မှု အသိပညာပေးထားတယ်လို့ သိရပါတယ်။