တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ၅ ရက်တာ ပိတ်ထားခဲ့တဲ့ ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကို အောက်တိုဘာ ၂၂ ရက် ဒီကနေ့ ပြန်ဖွင့်ပေးတော့မယ်လို့ KNLA တပ်မှူး စောကျော်သက်က ပြောပါတယ်။
မြဝတီမြို့နဲ့ ကော့ကရိတ်မြို့ကို ဆက်သွယ်ထားတဲ့ အာရှလမ်းမကြီးကို စစ်ကောင်စီရဲ့ တပ်အင်အားနဲ့ လက်နက်တွေ သယ်ဆောင်ရာ အဓိကလမ်းကြောဖြစ်တဲ့အတွက် KNLA ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ရက်ပိုင်းက ခရီးသည်တင်ကားတွေကိုရော ကုန်တင်ကားတွေကိုပါ ဖြတ်သန်းသွားလာခွင့် မပေးပဲ ပိတ်ထားတာဖြစ်ပါတယ်။
ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ စားဝတ်နေရေးအတွက် အခက်ခဲတွေကို စာနာတဲ့ အနေနဲ့ ဒီကနေ့ နေ့လယ် ၂ နာရီလောက်မှာ လမ်းပြန်လည်ဖွင့်ပေးတော့မှာဖြစ်တယ်လို့ စောကျော်သက်က ပြောပါတယ်။
လမ်းပြန်ဖွင့်ပေမဲ့ စစ်ကောင်စီတပ်တွေ ဖြတ်ကျော်လာလို့ ပစ်ခတ်တိုက်ခိုက်တာတွေ ရှိလာပါက ခရီးသွားပြည်သူတွေ ဘေးလွတ်ရာရှောင်ကြဖို့လည်း တပ်မှူး စောကျော်သက်က ပြောပါတယ်။
မြဝတီ-ကော့ကရိတ် လမ်းပိတ်ထားတာကြောင့် ရာနဲ့ချီတဲ့ ကားတွေနဲ့ ခရီးသည်တွေ လမ်းမှာ ပိတ်မိ သောင်တင်နေကြပြီး အခက်အခဲနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။
မနေ့က KNLA ပူးပေါင်းတပ်တွေက ကော့ကရိတ်မြို့တွင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အယောက် ၂၀ လောက်သေဆုံးခဲ့သလို့ စစ်ကောင်စီတပ်တွေက မြို့ထဲကိုရော ကျေးရွာတွေကိုပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ် လေကြောင်း ဗုံးကြဲတိုက်ခိုက် မှုတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံး ဒဏ်ရာရခဲ့ပါတယ်။