မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ အောက်တိုဘာ ၁၉ ရက် ညပိုင်းက နေအိမ်တွေကို မီးရှို့ ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ယောက်လောက် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဆိပ်ဖြူဘာမထီတပ်ဖွဲ့ တာဝန်ခံ ကိုပိုင်က “ပခုက္ကူမြို့နယ် ကျွန်းချောင်းဘက်ကနေ စစ်ကြောင်း ထိုးလာတဲ့ တပ်ဟာ အောက်တိုဘာ ၁၉ ရက် ညနေပိုင်းမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး ဆိပ်ဖြူမြို့နယ် အိုင့်ကြီးကျေးရွာ စာသင်ကျောင်းက ကျောင်းဆရာ မနေအိမ်တလုံးနဲ့ ရွာထဲက နေအိမ် ၁ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြတယ်” လို့ ပြောပါတယ်။
အဲဒီ စစ်ကောင်စီတပ်ဟာ အောက်တိုဘာ ၁၉ ရက် ည ၇ နာရီလောက်မှာ အိုင့်ကြီးရွာဘက်ကနေ ဖလံမရွာဘက်ကို သွားတဲ့အချိန် ဆိပ်ဖြူဘာမထီတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ယောက်သေဆုံးသွားတယ်လို့ ပြောပေမဲ့ သေဆုံးသူ အရေအတွက်နဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
ဖလံမကျေးရွာမှာ ညအိပ်စခန်းချပြီး မနေ့က အောက်တိုဘာ ၂၀ ရက် မနက်ပိုင်းမှာ အိမ်ခြေ ၄၈ လုံးရှိတဲ့ ဖလံမရွာက နေအိမ် ၁၉ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကိုပိုင်ကဆက်ပြောပါတယ်။
ဖလံမရွာဒေသခံတယောက်က “ကျနော်တို့ရွာသားတွေကတော့ ဇူလိုင်လ ၇ ရက်နေ့ စစ်ကြောင်း ထိုးကတည်းက ဘေးလွတ်ရာ နေရတွေကို ထွက်ပြေးနေကြရတာပါ။ စစ်ကြောင်းမရှိတဲ့ အချိန်မှာ တော့ ရွာကို ပြန်ဝင်တဲ့သူလည်း ဝင်ကြတာပေါ့။ အများစုကတော့ ရွာမှာ သိပ်မနေကြဘူး။ မနေ့က မနက်ပိုင်းမှာ ကျနော်တို့ရွာကို မီးရှို့တော့ မီးခိုးလုံးတွေ၊ မီးတောက်တွေပဲ လှမ်းမြင်နေရတယ်” လို့ ပြောပါတယ်။
မကွေးတိုင်းအတွင်း စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ သြဂုတ် ၂၅ ရက်အထိ အိမ်ခြေ ၅,၄၁၈ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Data For Myanmar က သြဂုတ် ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။