ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့မှာ လျှပ်စစ်ရုံးကဝန်ထမ်းတယောက်က ငွေကြေးအလွဲသုံးစား ပြုလုပ်ပြီး ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ ဒေသခံ လျှပ်စစ်ဝန်ထမ်းတွေထံက သိရပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ် လျှပ်စစ်ဌာနက မီတာစာရေးတဦးဟာ အောက်တိုဘာ ၁၉ ရက်မှာ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနက ငွေကျပ် သိန်း ၃၀၀၀ ကျော်လောက်ကို အလွဲသုံးစား ပြုလုပ်ပြီး ထွက်ပြေးတိမ်းရှောင်သွားတာလို့ လျှပ်စစ်ဝန်ထမ်းတယောက်က ပြောပေမဲ့ အဆိုပါ စွပ်စွဲခံရတဲ့ဝန်ထမ်းကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။
အဲဒီဖြစ်စဥ်နဲ့ပတ်သက်လို့ မြို့နယ်လျှပ်စစ်မန်နေဂျာနဲ့ တာဝန်ရှိသူတွေ အပါအဝင် စွပ်စွဲခံရသူရဲ့ မိသားစုဝင်တွေကို ပြည်နယ်လျှပ်စစ်ရုံးမှာ ခေါ်ယူစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
“သူ စာရင်းကွာတာက တလတည်းတော့ မဖြစ်နိုင်ဘူး။ လစဥ်နီးပါး စာရင်းလိမ်လည်ရင်းနဲ့ မရှင်းနိုင်တဲ့ အခြေအနေကို ရောက်သွားတာဖြစ်နိုင်တယ်။ ဒီစာရင်းကွာဟမှုမှာ သူတယောက်တည်း မဟုတ်ဘဲ တခြားလျှပ်စစ်ဝန်ထမ်းတွေလည်း ပါဝင်နိုင်သေးတယ်။”
ပုဏ္ဏားကျွန်းမြို့နယ် လျှပ်စစ်ဌာနအနေနဲ့ ပြည်သူတွေဆီကနေ လျှပ်စစ်မီးတာခတွေ လိမ်လည် ကောက်ခံနေသလို ဌာနအတွင်းမှာလည်း ဘောက်ချာအတု၊ မီတာစာရွက်အတုတွေနဲ့ စာရင်းလိမ်လည်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။