မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းက ပျက်စီးသွားတဲ့ လျှပ်စစ်ဓာတ်တိုင်တွေနဲ့ လျှပ်စစ်မီး ပြန်လည်ရရှိရေးအတွက် ဆောင်ရွက်ဖို့ ရောက်ရှိနေကြတဲ့ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်က လျှပ်စစ်ဝန်ထမ်းတယောက် ဇွန်လ ၁၀ ရက် ည ၈ နာရီလောက်က စစ်တွေမြို့မှာ ဓာတ်လိုက်ပြီး သေဆုံးသွားတယ်လို့ ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်း တာဝန်ရှိသူတွေက ပြောပါတယ်။
သေဆုံးသွားတဲ့ လျှပ်စစ်ဝန်ထမ်းဟာ အသက် ၂၅ နှစ်အရွဘ် ကိုသက်နိုင်ထွန်းဖြစ်ပြီး စစ်တွေမြို့ ကုန်တန်းရပ်ကွက်မှာ လျှပ်စစ်မီးပြင်ဆင်နေစဉ်မှာ ဓာတ်လိုက်ပြီးသေဆုံးသွားတာဖြစ်တယ်လို့ ရွှေရောင်မေတ္တာဖောင်ဒေးရှင်း ဥက္ကဋ္ဌ ကိုမင်းထည်ဝါက ပြောပါတယ်။
"ကုန်တန်းရပ်ကွက်က အိမ်တစ်အိမ်မှာ လျှပ်စစ် စစ်ဆေးနေတုန်းမှာ ဓာတ်လိုက်ပြီး သေဆုံးသွားတာလို့သိရတယ်။ ကျနော်တို့ကို အကြောင်းကြားလာတော့ အလောင်းကို တော့ စစ်တွေဆေးရုံကြီး ရင်ခွဲရင်မှာ ပို့ဆောင်ထားခဲ့တယ်။”
မုန်တိုင်းအလွန် စစ်တွေမြို့ပေါ်ရပ်ကွက်တချို့နဲ့ ပုဏ္ဏားကျွန်း မြို့ပေါ်ရပ်ကွက်တွေကို ဇွန်လ ၇ ရက်နေ့ကတည်းက စတင်ကာ လျှပ်စစ်ဓာတ်အားပေး ပြန်ပေးနေတာဖြစ်ပါတယ်။
စစ်တွေမြို့မှာ မုန်တိုင်းတိုက်ခတ်ပြီးနောက် လျှပ်စစ်မီးပြန်လည်ပေးနေရာမှာ မီးသီး မီးလုံးတွေ ပေါက်ကွဲမှုတွေရှိနေတယ်လို့ ကျေးပင်ကြီးရပ်ကွက်က ဦးသန်းနိုင်က ပြောပါတယ်။
"လျှပ်စစ်ဝန်ထမ်းတွေကတော့ လျှပ်စစ်ကို အမြန်ပေးနိုင်အောင် ကြိုးစားကြလို့ဝမ်းသာပါတယ်။ ဒါပေမဲ့ မုန်တိုင်းအလွန်မှာ လျှပ်စစ်ဓာတ်တိုင်တွေ ပျက်စီးသွားတော့ ပြန်ပေးတဲ့အခါ ဗို့အားညှိမရသေးတာတွေ့ရတယ်။ လျှပ်စစ်အားပြင်းပြီးတော့ မီးသီးတွေ ပေါက်ကွဲသွားတာတွေ ရှိတယ်။ မနေကဆို ဝန်ထမ်းတစ်ဦးသေသွားတယ်ကြားရတော့ စိတ်မကောင်လည်းဖြစ်မိတယ်။”
ရခိုင်ပြည်နယ်မှာ မိုခါ မုန်တိုင်းကြောင့် ပင်မလျှပ်စစ်ဓာတ်အားခွဲရုံနဲ့ လျှပ်စစ်ဓာတ်တိုင် အများအပြားပျက်စီးခဲ့ကြပြီး မြန်မာပြည်ဒေသအနှံ့က ရောက်လာတဲ့ လျှပ်စစ်ဝန်ထမ်း ၅၀၀ ကျော်နဲ့ ရခိုင်ပြည်နယ်က လျှပ်စစ်ဝန်ထမ်း ၁၀၀၀ ကျော်တို့ပူးပေါင်းကာ လျှပ်စစ်မီးရှိဖို့ ကြိုးပမ်း လုပ်ဆောင်နေကြပါတယ်။
မိုခါမုန်တိုင်းကြောင့် ဖုန်းလိုင်းတွေနဲ့ လျှပ်စစ်မီးတွေပျက်သွားခဲ့တဲ့ ရခိုင်ပြည်နယ်မှာ မိုဘိုင်း တယ်လီဖုန်းဆက်သွယ်ရေး လွှမ်းခြုံနိုင်မှု ၉၈ ရာခိုင်နှုန်းပြန်ရနေပြီး လျှပ်စစ်ဓာတ်အားကလည်း စစ်တွေမြို့ပေါ်ရပ်ကွက်တွေမှာ ၅၆ ရာခိုင်နှုန်းနဲ့ ပုဏ္ဏားကျွန်းမြို့ပေါ်ရပ်ကွက်တွေမှာ အားလုံး ပြန်ရနေပြီလို့ စစ်ကောင်စီက သတင်းထုတ် ပြန်ထားပါတယ်။