စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့နယ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ၈၀ ရာခိုင်နှုန်း ထိန်းချုပ်ထားနိုင်ပြီး အုပ်ချုပ်ရေးယန္တရားတွေကို ဖော်ဆောင်နေတယ်လို့ ကသာမြို့နယ် ပ.က.ဖ တာဝန်ခံတဦးက ပြောပါတယ်။
ကသာမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက မြို့ပေါ်နဲ့ မြို့နဲ့နီးတဲ့ ကျေးရွာတချို့တွေသာ ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေ ဖြစ်တယ်လို့ ပြောပါတယ်။
“ကျနော်တို့ ကသာမြို့နယ်ရဲ့ ထိန်းချုပ်မှု အနေအထားအရဆိုရင် မြို့ပေါ်နဲ့ မြို့နဲ့နည်းနည်းလေး နီးကပ်တဲ့နေရာ၊ ပြီးရင် အခုလိုမျိုး စကစရဲ့ သင်္ဘောတက်တဲ့အချိန်မှာ ခဏတဖြုတ် စစ်ကြောင်းထိုးတဲ့ နေရာလေးတွေကလွဲရင် ကျန်တာတွေက ကျနော်တို့နေရာတွေပဲ၊ အဲဒီလိုမျိုးရှိတာဆိုတော့ ရာခိုင်နှုန်းနဲ့ပြောရင် ၈၀ ရာခိုင်နှုန်းလောက် ထိန်းချုပ်နိုင်လောက်ပြီ” လို့ ကသာမြို့နယ် ပ.က.ဖ တာဝန်ရှိသူက ပြောပါတယ်။
ကသာမြို့ပေါ်ကို ရပ်ကွက် (၁၀) ရပ်ကွက်နဲ့ ဖွဲ့စည်းထားပြီး မြို့အနီးတဝိုက်မှာ ကျေးရွာ ၁၀ ရွာလောက်ရှိပြီးတော့ မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာပေါင်း ၁၀ ရွာကျော်ကိုတော့ ထိန်းချုပ်လို့ မရသေးဘူးလို့ ဆိုပါတယ်။
ကသာမြို့နယ်မှာ ကျေးရွာပေါင်း ၁၄၀ ကျော်ရှိတဲ့ အထဲက ကျေးရွာပေါင်း ၁၃၀ ဝန်းကျင်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ထိန်းချုပ်ထားနိင်တဲ့ အခြေအနေဖြစ်သလို စကစ လက်အောက်မှာတော့ မြို့ပေါ်ရပ်ကွက်တွေနဲ့ မြို့အနီးက ကျေးရွာတွေကိုသာ ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေ ဖြစ်တယ်လို့ သိရပါတယ်။
ကသာမြို့နယ်ထဲမှာ NUG ရဲ့ လမ်းညွန်မှုနဲ့အညီ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ သယံဇာတ အပါအဝင် တရားရေးကိုပါ ဖော်ဆောင်နေတယ်လို့ သိရပါတယ်။
ကသာမြို့နယ်ထဲမှာ EAO တွေ၊ PDFတွေနဲ့ မြို့နယ်၊ကျေးရွာ ပ.က.ဖ တွေ အတူပူးပေါင်းပြီး စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ အင်းအားကို ဖြည်းဖြည်းချင်း ဖဲ့ချနေသလို မြို့နယ်၊ ကျေးရွာ ပ.က.ဖတွေ အတွက်တော့ မောင်းပြန်ရိုင်ဖယ်တွေနဲ့ လက်နက်ငယ်တွေ လိုအပ်နေတယ်လို့ ပ.က.ဖ တာဝန်ခံက ပြောပါတယ်။
“စစ်ကောင်စီက သင်္ဘောလုံခြုံရေးပဲတက်တက်၊ နယ်မြေရှင်းလင်းရေးပဲ ထွက်ထွက် ထွက်လာသမျှကို ကျနော်တို့ရဲ့ ကာကွယ်ရေးအဖွဲ့တွေ ကျနော်တို့ PDFတွေ၊ EAO အဖွဲ့တွေတော့ တနည်းမဟုတ် တနည်းတော့ နှောင့်ယှက်တိုက်ခိုက်ပြီးတော့ အမှည့်ချွေတော့ ချွေနေတာပဲ၊ ပြီးတော့ ပ.က.ဖ တွေအတွက် မောင်းပြန်လက်နက်တွေ အများကြီးလိုအပ်နေတယ်၊ လက်နက်ခဲယမ်းတွေ အခက်အခဲအများကြီးရှိတယ်၊ တိုက်ပွဲဝင်မယ့်သူတွေ အများကြီးရှိတယ်၊ RPG တို့လို့ ပဒိန်တို့လို အဲလောက်ပေါ့နော်။ လက်နက်ငယ်တွေ၊ လက်နက်အလတ်တွေ များများထောက်ပံ့ပေးနိုင်ရင်တော့ ကျနော်တို့ တော်လှန်ရေးက မြန်မြန်ပြီးသွားမယ်ပေါ့” လို့ ပြောပါတယ်။
လက်ရှိအချိန် ကသာမြို့နယ် ဧရာဝတီအရှေ့ဘက်ခြမ်းမှာ သင်္ဘောလုံခြုံရေးအတွက် ရွှေဂူမြို့နယ်ဘက်က စစ်ကောင်စီတပ်အင်းအားအ များအပြား ဆင်းလာသလို့ အနောက်ဘက်ခြမ်းကိုလည်း စစ်ကောင်စီတပ်အင်အား အများအပြားရောက်ရှိနေတယ်လို့ သိရပါတယ်။
ကသာမြို့နယ်ထဲမှာ တရားစီးရင်ရေးယန္တရား လွန်ခဲ့တဲ့ ၄ လလောက်ကတည်းက စတင်လည်ပတ်နေခဲ့ပြီး အောက်တိုဘာ ၁၅ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကသာမြို့နယ် မြို့နယ်တရားရုံးကို စတင်ဖွင့်လှစ်ခဲ့ပါသေးတယ်။