မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို အောက်တိုဘာ ၁၈ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်မီးရှို့နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပေါက်မြို့နယ် ခင်ရှည်ကျေးရွာကို ဒီနေ့ မနက်ပိုင်း ၈ နာရီလောက်မှာ စစ်တပ်နဲ့ ပျူစောထီးတွေ စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူတွေရဲ့ နေအိမ် နှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ် တလုံး အိမ်ပြာကျသွားပြီး နောက် အိမ်တအိမ်ကိုတော့ စစ်တပ်တွေ ပြန်ထွက်သွားချိန်မှာ ဝင်ရောက် မီးငြှိမ်းသတ်ခဲ့ကြလို့ အကုန်တော့ မလောင်သွားဘူးလို့ ခင်ရှည်ကျေးရွာ ဒေသခံက ပြောပါတယ်။
ဒါ့အပြင် ခင်ရှည်မြောက်ဘက်ရွာက ကိုမောင်စန်းရဲ့ ဖောကားတစီးကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာထဲက နေအိမ်တွေကိုမွှေနှောက်ကာ ပြည်သူတွေရဲ့ အဖိုးတန်ပစ္စည်းတွေနဲ့ ငွေကြေးတွေကို ခိုးယူသွားကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အဲဒီစစ်ကောင်စီတပ် စစ်ကြောင်းဟာ တည်ပင်ကန်ကျေးရွာဘက်ကို ဆက်ထွက်သွားပြီး မနက် ၁၀ နာရီလောက်မှာ တည်ပင်ကန်ရွာက ပြည်သူတယောက်ရဲ့ နေအိမ် တလုံးကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ပြောပါတယ်။
“အဲဒီစစ်(...)စစ်ကြောင်းဟာ ဒီနေ့မနက် ၁၀ နာရီကျော်လောက်မှာ တည်ပင်ကန်ရွာကနေ့ အရှေ့တောင်ဘက်ကို ဆက်လက် စစ်ကြောင်းထိုးနေလို့ မိဘပြည်သူတွေအနေနဲ့ ဘေးကင်းတဲ့နေရာတွေမှာ နေထိုင်ကြဖို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထားတယ်”လို့ ဆိုပါတယ်။
အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ မနေ့က အောက်တိုဘာလ ၁၇ ရက်နေ့ မနက်ပိုင်းမှာလည်း သစ်ညီနောင်ရွာက CDM ကျောင်းဆရာတယောက်ကို ခေါင်းတွေ ၊ခြေထောက်တွေ၊ လက်တွေကို ဖြတ်တောက်ပြီး ရက်ရက်စက်စက်သတ်ဖြတ်ကာ ဦးခေါင်းကို တောင်မြင့်ကျေးရွာ စာသင်ကျောင်း တံခါးဝမှာချိတ်ဆွဲပြီး အလောင်းကို လမ်းပေါ်မှာပစ်ထားခဲ့တယ်လို့ သိရပါတယ်။
အဲဒီစစ်ကြောင်းထိုးနေလိြါ လတ်တလော ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံပြည်သူ ၆၀၀၀ ကျော်လောက်ရှိနေပြီး စားနပ်ရိက္ခာ၊ အဝတ်အထည်၊ စောင်၊ ခြင်ထောင်၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ်အကူညီလိုအပ်နေပါတယ်။