ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်လွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၄)၊ တပ်ရင်း (၃၄) မန်တုံဒေသမှာ အောက်တိုဘာ ၁၇ ရက် မနက် ၉ နာရီလောက် ကချင်လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အေ)နဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
စစ်ကောင်စီတပ်မ (၉၉) လို့ ယူဆရတဲ့ စစ်အင်အား ၂၀၀ ဝန်းကျင်ဟာ ပြီးခဲ့တဲ့ရက်တွေက ကေအိုင်အေ တပ်စခန်းချထားတဲ့နေရာကို ထိုးစစ်ဆင်လှုပ်ရှားလာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
မနေ့မနက် ၁၁ နာရီလောက်မှာတော့ မန်တုံစစ်ကောင်စီတပ်စခန်းကို ကေအိုင်အေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ PDF တပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့တုန်းကလည်း မန်တုံ ခလရ ၁၃၀ နဲ့ ရဲတပ်စခန်းကို ကေအိုင်အေနဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိခဲ့ပါတယ်။
မနေ့မနက် ၆ နာရီလောက်ကလည်း စစ်ကိုင်းတိုင်း ထီးချိုင့်ဒေသမှာ စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို တိုက်ပွဲတွေမှာ ထိခိုက်သေဆုံးမှု အခြေအနေကိုလည်း အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။