ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ဆရာတော် တပါးနဲ့ ဒါယကာ လေးယောက်တို့ မူးယစ်ဆေးပါတဲ့ တရုတ်နိုင်ငံထုတ် အပြင်းစား ကော်ဖီတမျိုးကို ဖျော်သောက်မိပြီး မူးလဲ သတိမေ့သွားခဲ့လို့ ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ တာချီလိတ် လူမှုကူညီရေးအသင်းကနေ သိရပါတယ်။
တာချီလိတ်မြို့၊ ကျောက်တောင်ရပ်၊ နတ်မောက်ရွှေသူဌေးကုန်းကျောင်းတိုက်မှာ အောက်တိုဘာ ၁၇ ရက် ဒီမနက် ၇ နာရီကျော်က အရေးပေါ်လူနာရှိလို့ အမြန်ဆုံးဆေးရုံပို့ပေးဖို့ အကြောင်းကြားတာကြောင့် သွားကြိုပြီး ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ဘုန်းကြီးကျောင်းမှာ အခြေအနေဆိုးနေလို့ ဆေးရုံကို မြန်မြန်လေးပို့ပေးပါဆိုလို့ ကယ်ဆယ်ရေး ကား နှစ်စီးနဲ့ သွားကြိုပြီး တာချီလိတ် ပြည်သူ့ဆေးရုံကြီးကို ပို့ပေးခဲ့ပါတယ်ရှင့်။ ဆရာတော် တပါးနဲ့ ဒါယကာ လေးဦးပါ။ သတိမေ့လဲနေတဲ့ အခြေအနေရှိပါတယ်။ ဆွမ်းခံထွက်ရင်း ဒါယကာတွေ လှူလိုက်တဲ့အထဲပါလာတဲ့ ကော်ဖီကို ဖျော်သောက်ပြီးတော့ အဲလို ဖြစ်သွားတာလို့ ပြောတယ်။ ကောင်လေး တယောက်ကတော့ တငုံ နှစ်ငုံသောက်ပြီး တမျိုးကြီးဖြစ်နေလို့ ထွေးထုတ်လိုက်တာ။ သူကတော့ အန်တာပဲရှိတယ်။ တချို့က ခေါင်းကိုက်တယ်"လို့ ပြောတယ်။
ကော်ဖီသောက်ပြီး ဆေးရုံပို့လိုက်ရသူတွေကတော့ အသက် ၅၄ နှစ်အရွယ် ဆရာတော် ဥူးကေလာသနဲ့ အသက် ၁၉ နှစ်မှ ၅၃ နှစ်အရွယ်ကြား အမျိုးသား ၄ ဦးတို့ဖြစ်ကြပြီး ဆရာတော်နဲ့ အသက် ၃၀ ကျော်ရွယ်အမျိုးသားတယောက်တို့ကတော့ ကနေ့မနက် ၁၀ နာရီကျော်ထိ သတိမေ့နေတုန်းပဲလို့ သိရပါတယ်။
ဆေးရုံတာဝန်ရှိသူတွေကတော့ သူတို့အခုလို မူးမေ့လဲသွားတာဟာ ကော်ဖီကြောင့်လား ၊ ဓာတ်ဘူးထဲက ရေတွေကြောင့်လားဆိုတာကို ဓာတ်ခွဲစစ်ဆေးနေဆဲ ဖြစ်ပါတယ်။
ဒေသခံတချို့တွေကတော့ အဲဒါဟာ တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ အပြင်းစားကော်ဖီဖြစ်ပြီး အနည်းငယ်သာသောက်ရကြောင်း၊ အနည်းငယ်သောက်တာနဲ့ လူကိုလန်းဆန်းတက်ကြွစေပြီး ကာရာအိုကေသီချင်းဆိုတဲ့အခါသောက်ကြတယ်လို့လည်း ပြောပါတယ်။
အဆိုပါကော်ဖီထုပ်ကို အရပ်စကားနဲ့ Happy Water လို့ခေါ်ဆိုကြပြီး ကေတီဗွီတွေနဲ့ ညကလပ်တွေမှာ အသုံးများတယ်လို့လည်း ဆိုပါတယ်။ ကော်ဖီထုပ်ပေါ်မှာတော့ ဒီကော်ဖီ တထုပ်ရဲ့အာနိသင်ဟာ သာမန်ကော်ဖီထက် ၈ ဆပြင်းတယ်လို့ အဓိပ္ပာယ်ရတဲ့ စာကို တရုတ်ဘာသာနဲ့ ရေးသားထားပါတယ်။