မွန်ပြည်နယ် သံဖြူဇရပ်-ရေးကားလမ်းရှိ ကား ၇ စီးပါ စစ်ကောင်စီယာဉ်တန်းကို အောက်တိုဘာ ၁၅ ရက် ညနေ ၆ နာရီ ၅၀ မိနစ်က ကြားဖြတ် ချုံခိုတိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်နယ် တောင်ညို ပြောက်ကျားတပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီကား ၇ စီးဟာ ရေးမြို့ဘက်ကနေ သံဖြူဇရပ်မြို့ဘက်ကို သွားနေစဉ် ပိန္နဲတောရွာနဲ့ ရွာသာယာအေးရွာကြားမှာ ချုံခိုတိုက်ခိုက်ခံရတာဖြစ်ပြီး ၁၀ ယောက်လောက် ထိခိုက်ကျဆုံးခဲ့ သလို ကား ၂ စီး ပါ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မွန်ပြည်နယ် တောင်ညိုပြောက်ကျားတပ်ဖွဲ့ဘက်က ထိခိုက်ကျဆုံးတာ မရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
အခုလို တိုက်ခိုက်တာတွေကြောင့် ဒေသခံရွာသားတွေအနေနဲ့ တိုက်ပွဲအရှိန် ဆက်မြင့်လာမှာကို စိုးရိမ် မကင်းဖြစ်နေကြပါတယ်။
ရေး -သံဖြူဇရပ် ကားလမ်းမှာ စစ်ကောင်စီ ယာဉ်တန်းတွေ မကြာခဏဆိုသလို ချုံခို ကြားဖြတ် တိုက်ခိုက်ခံရလေ့ရှိပြီး ခရီးသွားတွေ သတိရှိကြဖို့ စစ်ကောင်စီကားနဲ့အတူ မသွားလာကြဖို့ မွန်ပြည်နယ်တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့မှ တိုက်တွန်းထားပါတယ်။